DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်ကျ
DVB
·
June 24, 2022
ပြည်တွင်းကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်ကျ
Donate to DVB

မြန်မာပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်း အမြင့်ပိုင်း ရောက်ရှိနေချိန် ရန်ကုန်ဈေးကွက်အတွင်းကို တရုတ်ကြက်သွန်တွေ ပြန်ဝင်ရောက်လာလို့ ပြည်တွင်းကြက်သွန်နီဈေး အနည်းငယ် ပြန်လည်ကျဆင်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက တပိဿာကို ကျပ် ၅၀၀ ကနေ ကျပ် ၈၀၀ ကြားသာရှိခဲ့တဲ့ ကြက်သွန်စျေးနှုန်းက ဗီယက်နမ်ဝယ်လက်တွေရဲ့ ဈေးပေးဝယ်ယူလာတာကြောင့် အခုဇွန်လဆန်းပိုင်းကစတင်ပြီး တရိပ်ရိပ် မြင့်တက်လာခဲ့ရာ အရည်အသွေးအလိုက် တပိဿာကို ကျပ် ၁,၃၀၀ ကနေ ကျပ် ၂,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ပါတယ်။

အခုအခါမှာ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နယ်ဒေသအသီးသီးက ကြက်သွန်တွေ အဝင်ပြန်များလာသလို တရုတ်ကြက်သွန်တွေလည်း ဝင်ရောက်လာတာကြောင့် တပိဿာကို အရည်အသွေးပေါ် မူတည်ပြီး ကျပ် ၁,၁၀၀ ကနေ ကျပ် ၁,၈၀၀ ကြားကို ပြန်လည်ကျဆင်းသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ပြည်တွင်းကြက်သွန်တွေ နှစ်စဥ် တင်ပို့ရောင်းချလေ့ရှိပေမဲ့ ပြည်တွင်းမှာ ကြက်သွန်နီဈေး အမြင့်ပိုင်းရောက်ရှိနေတာကြောင့် ရန်ကုန်ဈေးကွက်အတွင်းကို တရုတ်ကြက်သွန်တွေ ဈေးအနိမ့်နဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။

တရုတ်ကြက်သွန်တွေ ဝင်ရောက်လာပေမဲ့ အခုနှစ် ပြည်တွင်းမှာ ကြက်သွန်အစိုက်နည်းပြီး အထွက်ဆုတ်တဲ့အပြင် အချိန်မခါမဟုတ်မိုးကြောင့် အရည်အသွေး ထိခိုက်ခဲ့ရတဲ့ ကြက်သွန်တွေလည်း ရှိခဲ့တာကြောင့် ပြည်တွင်းကြက်သွန်နီဈေး လက်ရှိဈေးထက် အလွန်အမင်း ကျဆင်းနိုင်စရာမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေမှာ ကြက်သွန်ဈေး စိုက်စရိတ်အောက်ထိ ရောက်ခဲ့တာကြောင့် တောင်သူတွေက စိုက်ဧကတွေ လျှော့ချခဲ့ကြလို့ အခုနှစ် ကြက်သွန်စိုက်ဧက ထက်ဝက်ဝန်းကျင် လျော့ကျခဲ့တယ်လို့ သိရပါတယ်။

ပြည်ပဝယ်လိုအား ပြန်လည်အားကောင်းလာပါက ပြည်တွင်းကြက်သွန်နီဈေး စံချိန်တင် မြင့်တက်နိုင်ပေမဲ့ အခုနှစ်ရဲ့ ကြက်သွန်တင်ပို့မှုက ပြီးခဲ့တဲ့နှစ်တွေထက် သိသိသာသာ လျော့နည်းကျဆင်းနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ မြန်မာ့ကြက်သွန်ကို တရုတ်အပါအဝင် ထိုင်းနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့က အဓိက ဝယ်ယူလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013