DVB Logo
Home
မြန်မာသတင်း
PDF ဖမ်းသွားသည့် ရှမ်းနီလူငယ်ခေါင်းဆောင် ပြန်လွတ်လာ
DVB
·
June 24, 2022
PDF ဖမ်းသွားသည့် ရှမ်းနီလူငယ်ခေါင်းဆောင် ပြန်လွတ်လာ
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌလည်းဖြစ် ရှမ်းနီစာပေ ဗန်းမောက်တောင်ပိုင်း တာဝန်ခံလည်းဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းဟာ ဇွန် ၂၃ ရက် ညနေပိုင်းက ပြန်လွတ်လာပြီဖြစ်ပါတယ်။

PDF အဖွဲ့ဝင်တွေဟာ စိုင်းဆေလိုင်းကို ဖမ်းခေါ်သွားခဲ့တဲ့ ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာကိုပဲ ဇွန် ၂၃ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လာပို့ပေးခဲ့တယ်လို့ သွားကြိုလာခဲ့တဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး စိုင်းထွန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ချိန်းထားတာက နေ့လယ် ၁၂ နာရီဆိုတော့ ကျနော်တို့လည်း ၁၂ နာရီကတည်းက သွားစောင့်နေတာပေါ့၊ ဘုန်းကြီးကျောင်းကို လာပို့ပေးဖို့ပေါ့၊ ဒါပေမဲ့ ဖုန်းလိုင်းတွေလည်း မကောင်းဘူး၊ ဆက်သွယ်ရ အဆင်မပြေဘူး။ တကယ်ရောက်လာတာ ညနေ ၃ နာရီခွဲမှ၊ ဘုန်းကြီးကျောင်းမရောက်ခင် လမ်းမှာပဲ ကျနော်တို့ ကြိုလာခဲ့တယ်။ ဘာဖြစ်လို့ ဖမ်းသွားသလဲဆိုတာကို သိပ်မေးချင်ပါတယ်။ ဒါပေမဲ့ သူတို့က လက်နက်တွေနဲ့၊ ကျနော်တို့က ဘာမှမှမရှိဘဲ၊ ပြန်လွှတ်ပေးတာပဲ တော်လှပြီဆိုပြီး မမေးလိုက်ပါဘူး။ သူ့ကိုခေါ်သွားတုန်းက မျက်နှာကို အဝတ်နဲ့အုပ်ပြီး ခေါ်သွားလို့ ဘယ်နေရာမှန်း မသိဘူးတဲ့။ ဟိုမှာ ခြေထောက်နဲ့ အကန်ခံရတယ်၊ ကျောကိုလည်းရိုက်တယ်၊ ကြိုးတုတ်ခံရတယ်၊ ပြင်ပဒဏ်ရာ ကြီးကြီးမားမား မရှိပေမဲ့ နာကျင်ကိုက်ခဲတယ်၊ အတွင်းကြေလို့ ယူဆပါတယ်။ သူ့ကို ဆေးခန်းပို့ပြီး ဓာတ်မှန်လည်း ရိုက်ထားပါတယ်။”

အဓိကမေးမြန်းခံရတာကတော့ ရှမ်းနီတပ်မတော် SNA နဲ့ ပတ်သက်မှုရှိမရှိ ဆိုတာဖြစ်ကြောင်း၊ စိုင်းဆေလိုင်းကလည်း သူဟာ စာပေယဉ်ကျေးမှုနဲ့ လူမှုရေးလုပ်ငန်းတွေသာ လုပ်လို့ မသိကြောင်းပဲ ဖြေကြားလို့ ရိုက်နှက်ခံရတာလို့ ဆိုပါတယ်။ နောက်တော့ သူ့ကို SNA နဲ့ မပတ်သက်ဖို့၊ ဘက်လိုက်မှုမရှိဖို့ ပြောပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

စိုင်းဆေလိုင်း အဖမ်းခံရပြီးတဲ့နောက် သူ့ကိုပြန်လွှတ်ပေးဖို့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်၊ အင်းတော်ကြီး၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေက ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊  ပြည်တွင်းပြည်ပ သျှမ်းလူငယ်ကွန်ရက်အဖွဲ့၊ SSP ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီနဲ့  မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်များစုအဖွဲ့ အသီးသီးတို့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ဖမ်းခေါ်သွားတဲ့အဖွဲ့မှာ စစ်ကိုင်းတိုင်း PDF နဲ့ ဒေသခံ PDF တွေဖြစ်ကြောင်း၊ စိုင်းဆေလိုင်းဟာ စာပေယဉ်ကျေးမှုနဲ့ လူမှုရေးလုပ်ငန်းတွေသာ လုပ်ဆောင်ပြီး စစ်သုံ့ပန်းလည်း မဟုတ်ပါဘဲနဲ့ ခုလို ရိုက်နှက်ကန်ကျောက်ခံရတဲ့အပေါ် ရှမ်းနီ စာပေယဉ်ကျေးမှုအဖွဲ့အနေနဲ့ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ နေရထိုင်ရတာလည်း လုံခြုံမှုမရှိသလို ဖြစ်ရတယ်လို့ဗ န်းမောက် ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့က ပြောသွားပါတယ်။

အခုလို တိုင်းရင်းသားလူမျိုးချင်း အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်တာဟာ NUG အစိုးရရဲ့ မူဘောင်အတိုင်းမဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်မှုဖြစ်လို့ NUG အနေနဲ့ မိမိအောက်ခြေ အဖွဲ့ဝင်တွေပေါ် အတတ်နိုင်ဆုံး ထိန်းသိမ်း လမ်းညွှန်ပေးစေလိုကြောင်း တိုက်တွန်းထားပါတယ်။

စိုင်းဆေလိုင်းကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ PDF တွေဘက်က ထုတ်ပြန်ကြေညာတာ မရှိသေးသလို ဒီအဖွဲ့တွေကို  ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013