DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း စစ်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ စိုးရိမ်နေ
DVB
·
June 24, 2022
ရခိုင်ပြည်နယ်အတွင်း စစ်ပွဲပြန်ဖြစ်မည်ကို ပြည်သူများ စိုးရိမ်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (အေအေ) တို့ သူ့လူကိုယ့်လူ အပြန်အလှန် ဖမ်းဆီးတာတွေနဲ့ စစ်ရေးအခြေအနေ မတည်ငြိမ်တာကြောင့် စစ်ပွဲတွေပြန်ဖြစ်လာမှာကို ရခိုင်ပြည်သူတွေကြားမှာ စိုးရိမ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ အေအေအဖွဲ့တို့ အပြန်အလှန် ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပါ။ စစ်ကောင်စီတပ်တွေက အေအေနဲ့ နီးစပ်သူတွေ၊ ရခိုင်နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ လုပ်နေသလို အေအေဘက်ကလည်း ဇွန် ၂၃ ရက်က စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် အရာရှိကို စစ်တွေမှာ ဖမ်းဆီးခဲ့သလို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ဝန်းကျင်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေမှာ ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ်အတွင်း မြို့အဝင်အထွက်တွေ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးတာတွေ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပညာရေးဝန်ထမ်းတွေကို ပြန်ပေးဆွဲတာတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေဟာ ဆိုးရွားလာတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပြည်လုံးအတိုင်းအတာနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ရခိုင့်တပ်တော် (အေအေ) ကတော့ ရခိုင်ပြည်နယ်မှာ အခြေအနေဆိုးတွေ မကြုံရအောင် အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရက်စက်အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်ဟာလည်း စစ်ဘေးကနေ ရှောင်နေလို့မရတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့ လေ့လာသူတယောက်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ အေအေက သူ့လူကိုယ့်လူ အပြန်အလှန် ဖမ်းဆီးနေတာနဲ့ စစ်ရေးမတည်ငြိမ်တာတွေကြောင့် ရခိုင်ပြည်သူတွေဟာ ကျီးလန့်စာစား ဖြစ်လာရတယ်လို့ ကျောက်တော်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။

စားနပ်ရိက္ခာရှားပါးတာ၊ ရာသီဥတု ဆိုးရွားတာတွေကြောင့် ရေရှည်မှာ စစ်ဘေးရှောင်အရေအတွက်က ပိုများလာဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

မေ ၂၆ ရက်က ရခိုင်ပြည်နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အေအေနဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ပလက်ဝမြို့ခံတချို့ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ရှောင်စခန်းတွေကို ပြောင်းရွှေ့နေကြပါတယ်။

ရခိုင့်တပ်တော် အေအေက သူတို့ရဲ့ ရက္ခိတလမ်းစဉ်ကို အားစိုက်အကောင်အထည်ဖော်နေပြီး ဒီအခြေအနေအတိုင်းဆိုရင် မကြာခင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆင်နွှဲလာရလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ရခိုင့်တပ်တော် (အေအေ) ဟာ အချိန်တိုအတွင်းမှာ အားကောင်းလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်ပြီး ရခိုင်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို ရထားပါတယ်။

စစ်အာဏာသိမ်းစကာလမှာ ရခိုင့်တပ်တော် (အေအေ) က ဘယ်ဘက်မှာ ရပ်တည်တယ်ဆိုတာကို ထုတ်ဖော်မပြောခဲ့ပေမဲ့ အချိန်တနှစ်ကျော်ကြာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ထုတ်ဖော်ပြသထားသလို စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013