DVB Logo
Home
Lead Story
ရပ်ကျေးအဆင့် လူမိုက် မအလ (သရော်စာ)
DVB
·
June 24, 2022
ရပ်ကျေးအဆင့် လူမိုက် မအလ (သရော်စာ)
Donate to DVB

အဘစောမူးသာတို့ အိမ်ခြံဝိုင်းဝကိုရောက်တော့ ‘ဝါးကနဲ’ အသံတွေကို ကြားလိုက်ရပါတယ်။ ‘တဟားဟား’ လည်းဆက်ပြီး ရယ်နေကြတယ်ခင်ဗျ။ မုန်တိုင်းမိုးလည်း မရှိလေတော့ မန်ကျည်းပင်အိုရိပ်က ကွပ်ပစ်ကြီးပေါ်မှာ တစုတဝေးကြီးပေါ့။

အဘထွန်းခင်ကော အဘရစ်ချတ်ကော ဟိုဘက်ရွာက စစ်ပြန်ကြီး အဘလုံးတုံးပါ ရောက်နေတာ တွေ့ရပါတယ်။ သည်ဘိုးတော်တွေနဲ့ ဘဝတကွေ့မှာ ခဏတွေ့ခွင့်ရတာ စိတ်ချမ်းသာရတယ်။ မွန်းကြပ်လွန်းတဲ့စိတ်တွေနဲ့ ဖြတ်သန်းနေရတဲ့ကာလတွေမို့ ဒီလို စိတ်အကြောလျှော့ပေးတဲ့ ရင်အပူသက်သာစေတဲ့ စကားဝိုင်းဟာ ဆေးတပါးပါပဲ။

“လာဟေ့ ဖေကြီး . . ‘တောကြက်ကြီးလုံးတုံး’ ရဲ့ တပ်တွင်းအတွေ့အကြုံတွေမျှဝေနေတာကွ ဟားဟား ဟားဟား”

“‘တပ်ကြပ်ကြီး’ လုပ်ပါဟကောင် မူးသာရယ်၊ ‘တောကြက်ကြီး’ တော့ မလုပ်ပါနဲ့”

“ဟားဟား ဟားဟား ဟားဟား . . . . .”

“အဘတို့ရယ်သံကို ဟိုဘက်ရွာကတောင် ကြားရလောက်တယ် ခင်ဗျ”

“ဟားဟား ဟားဟား ဟားဟား . . . . .”

အဘလုံးတုံးက တပ်ထဲမှာလည်း နှစ်ပေါင်းများစွာ နေလာခဲ့သူ၊ ပြည်နယ် တိုင်း ဒေသပေါင်းစုံ မြို့ရွာပေါင်းစုံ တပ်ပေါင်းစုံမှာလည်း နေလာခဲ့ရသူဆိုတော့ သူ့မှာ ‘တပ်ဇာတ်လမ်းတွေ’ တပုံကြီးရှိနေတာပေါ့ ခင်ဗျာ။

“အေးကွ ဖေကြီးရ . . တောကြက်ကြီးလုံးတုံးရဲ့ ဇာတ်လမ်းပမာ နားဆင်စရာတွေကို မကြာခဏ နားဆင်ကြရသဟ”

“ဒါနဲ့ ခုနက ဘာတွေ ရယ်နေကြတာလဲဗျ”

“ဟားဟား ဟားဟား ဟားဟား . . . . . . ဟိုတခါလို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဇာတ်လမ်းတွေထဲက နောက်တခုပေါ့ကွ”

“မူးသာပြောသလိုပေါ့ကွာ၊ အခု ဖက်ဆစ်ဂျပု မအလဟာ ဦးနေဝင်းလို ဘုန်းတန်ခိုးရှိလား၊ နိုင်ငံကို ဘယ်နှနှစ်များ အုပ်ချုပ်နိုင်မလဲဆိုတာ ဆွေးနွေးသုံးသပ်နေကြတာ ဖေကြီးရ”

“ဟုတ်ကဲ့ပါ အဘလုံးတုံး”

ဗိုလ်ချုပ်ကြီးနေဝင်းဟာ ပလ္လင်ပေါ်မှာ ၂၆ နှစ်တောင်မှ အေးအေးဆေးဆေး ထိုင်သွားခဲ့ပါကြောင်း၊ ဘုန်းမီးနေလလည်း တောက်ပခဲ့ပြီး ဇနီးမယားများစွာကို တယောက်ပြီးတယောက် တရားဝင် ‘ပေါ်တင်’ ယူခဲ့ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များသို့လည်း မြင်းလောင်းသွားလိုက်၊ ဆေးကုသွားလိုက်၊ အပန်းဖြေသွားလိုက်ဖြင့် ‘ဇိမ်ကျ” စွာ နေထိုင်ခဲ့ရပါကြောင်းတွေပေါ့ဗျာ။

“အခု ငပုဖက်ဆစ် မျိုးမစစ် အယုတ်တမာကောင်ကတော့ သိပ်ကြာမယ်မထင်ဘူး”

“ဟုတ်တယ်မူးသာ . . . မအလဟာ သူ အတင်းတက်ထိုင်နေတဲ့ ပလ္လင်ပေါ်မှာ နေရလှ ခဏပေါ့ကွာ၊ မယားကိုလည်း သိပ်ကြောက်။ အေး . . နိုင်ငံခြားသွားအပန်းဖြေဖို့၊ နိုင်ငံခြားသွား ဆေးကုသဖို့ဆိုတာတော့ သူ့အတွက်တော့ ဒီဘဝမှာ ‘အိပ်မက်’ တခုပါပဲဟာ”

“အေးဟ . . . လုံးတုံးပြောတာ အမှန်ပဲ၊ ဒီကောင် အမျိုးယုတ် မအလ ဘယ်နိုင်ငံကိုမှ သွားလို့မှ မရတော့တာ”

“ဒီမယ် မူးသာ . . . ဒီကောင် မအလက ဘယ်နိုင်ငံကိုမှ မသွားရဲတာမှန်ပေမဲ့ ဒီအယုတ်တမာ မအလကိုတော့ ကမ္ဘာ့နိုင်ငံ အတော်များများက ‘ဝဲလ်ကမ်း’ ဆိုပြီး ကြိုဆိုနေကြတာပဲဗျား . . ဟားဟားဟားဟား”

“မှန်တယ် လုံးတုံး . . . ကမ္ဘာ့နိုင်ငံအတော်များများမှာရှိတဲ့ တရားရုံးတွေက ဒီငနာ မအလကို ကြိုဆိုနေတာ ကြာပြီပေါ့ဟ”

မအလကား ကမ္ဘာအထိ ကျော်ကြားနေပေမဲ့ သူ့အား ဘယ်သူကမှ မကြောက်ကြပေ။ သူကား ‘ကင်ဂျုံအမ်း’ လည်းမဟုတ်။ ကမ္ဘာကို မကြာခဏ ခြိမ်းခြောက်ပြနေသည့် နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေလည်း ရှိပုံမရ။ ဒင်းလုပ်ရပ်နှင့် ဒင်းအဆင့်က ‘ရပ်ကွက်လူမိုက်သာသာ’ သာလို့ အဘစောမူးသာက ပြောပါတယ်။

“အခုတော့ ဒီကောင်ရဲ့ ‘စိတ်ကစဉ့်ကလျား’ ရောဂါက ပိုပိုဆိုးလာလို့ နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် ဆေးတွေ နင်းကန်တိုက်နေရသတဲ့ကွ”

“ဟုတ်မယ် လုံးတုံး . . . TV ပေါ်က သူ့ရုပ်လက္ခဏာမှာ ပေါ်နေတယ်ဟ”

“ပေါ်မှာပေါ့ဟ . . . ဒီစောက်ရူး မအလခေါင်းပေါ်ကို ‘ဒုက္ခအသီးတွေ’ တလုံးပြီးတလုံး ပြုတ်ပြုတ်ကျလာလို့ အခု ဒီကောင့်ခေါင်းမှာ ‘ဘုတွေ’ ချည်းပဲဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

စကားဝိုင်းကို စိုးမိုးသူကား ‘မအလ’ သာ ဖြစ်ပါလေ၏။ ဘယ်နေ့ပြောပြော ဘယ်အချိန်ပြောပြော မအလအကြောင်းတွေသာ ဖြစ်နေတာ နှစ်ပေါက်နေပါပြီ။

“ဒါနဲ့ အဘတို့ ခုနက ‘ဦးနေဝင်း’ အကြောင်း ပြောနေကြတာဆို”

“ဟားဟား ဟားဟား ဟားဟား . . . လုံးတုံးပြောခဲ့သလို ဦးနေဝင်းခေါင်းပေါ်ကို ‘ဒုက္ခအသီးတွေ’ ပြုတ်မကျအောင် မဆလခေတ် အဘဘောမအဖွဲ့က ကြံဆစီမံခဲ့ကြပုံ အကြောင်းပါဗျား ဟားဟားဟားဟား ဟားဟား . . .”

“စိတ်ဝင်းစားမိပြီ အဘတို့ရေ”

“တောကြက်ကြီးလုံးတုံး ဖေကြီးကို ပြန်ပြီးပြောပြတော်မူလိုက်ပါအုံးဟာ”

“ဟားဟား ဟားဟား ဟားဟား . . .”

‘ဦးနေဝင်းခေတ်’ က ပါတီဥက္ကဋ္ဌကြီးဟာ တကယ့် ‘ဘုရင်’ ပါတဲ့။ ဆွစ်ဇာလန်သွားလိုက်၊ ဂျပန်သွားလိုက်၊ အမေရိကားသွားလိုက်၊ အင်္ဂလန်သွားလိုက်ဆိုပဲခင်ဗျ။ သူက ပြည်တွင်းမှာဆို အဲသည်တုန်းက ကမ္ဘာကျော်တဲ့ ‘ငပလီ’ ကို သွားသွားပြီး အနားယူ အပန်းဖြေတတ်ပါသတဲ့။

ငပလီရဲ့ ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ လမ်းလျှောက်ပါသတဲ့။ ဆားနံ့သင်းတဲ့ ပင်လယ်လေကို အဆုပ်ထဲ တဝရှူသွင်း ရှူထုတ် အကြိမ်ကြိမ်လုပ်ကာ အဆုပ်တွေကို အားသစ်လောင်းပါသတဲ့။ ပြီးတော့ ပင်လယ်စာတွေ တဝကြိတ်ပါသတဲ့။

ပြီးတဲ့အခါ သူ့ဘန်ဂလိုဘေးက ‘အုန်းတော’ ကြီးကို ဖြတ်လျှောက်ရင်း ဖြန့်ခင်းပေးထားတဲ့ Dream Bed ပေါ်လှဲကာ ပြင်ဆင်ပေးထားတဲ့ အုန်းသီးထိပ်ဖြတ်ထဲက အုန်းရည်ချိုချိုကို ပိုက်ကလေးနဲ့ တမျှဉ်းမျှဉ်းစုပ်ပါသတဲ့။

“အဲသည်မှာ ခုနကပြောတဲ့ ‘ဒုက္ခအသီး’ တွေအကြောင်း ပါလာပြီပေါ့ကွ”

ဦးနေဝင်း ဘန်ဂလိုထဲက အုန်းပင်တွေ အကုန်လုံးရဲ့ အသီးခိုင်တွေအောက်မှာ ထူးထူးခြားခြား ‘ပိုက်ကွန်တွေ’ အပင်စေ့ တပ်ဆင်ထားပါသတဲ့။

“ပိုက်ကွန်တွေနဲ့ အလှဆင်ထားတာလား အဘလုံးတုံး”

“အလှဆင်ထားတာမဟုတ်ဘူးတဲ့ ကွ”

“အပင်စေ့ကွ . . မတော်တဆ အုန်းသီးကြွေကျပြီး ဦးနေဝင်းကြီး ခေါင်းကွဲမှာကို အဘဘောမတွေက အစိုးရိမ်ကြီးကြတာပေါ့ကွ . . ဟားဟား ဟားဟား ဟားဟား”

“ဟားဟား ဟားဟား ဟားဟား . . .”

“အခုလည်း လူထုအချစ်တော်ကြီး မအလခေါင်းပေါ်မှာ ပိုက်ကွန်တွေ တပ်ဆင်ထားဖို့ လိုနေပြီကွ”

“ဘာဖြစ်လို့လဲ အဘလုံးတုံးရဲ့”

“ဘာဖြစ်လို့ရမလဲဟ . . . မအလဆိုတဲ့ ဒီအမျိုးယုတ်ကြီးခေါင်းပေါ်ကို ကြည့်လိုက်၊ ‘ဘုတွေ’ ချည်းပဲလကွ”

“PDF အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ EAOs အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ ASEAN အပင်က အသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ EUROPE အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ US အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ UN အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက်၊ ICJ အပင်ကအသီးတွေ ခေါင်းပေါ်ကျလာလိုက် . . ဆိုတော့ကာ”

“ဟားဟား ဟားဟား ဟားဟား . . . . လုံးတုံးပြောပုံအရ မအလကြီးတယောက် ဒဿဂီရိရဲ့ ခေါင်းဆယ်လုံးလို ‘ဘုဆယ်လုံး’ ပိုင်ရှင်ကြီး ဖြစ်တော်မူနေပြီပေါ့ကွ”

“ဒီတော့ ‘ဘိုတု ကြင်စိုး မအလ’ နဲ့ လိုက်ဖက်မယ့်နာမည်လေး ဖေကြီး ရွေးပေးကြည့်ပါလား . . . ဟားဟား ဟားဟား ဟားဟား”

သို့ဖြင့် လေရှီးက ဖေကြီး ကျွန်ုပ်လည်း ခေါင်းထဲ ရုတ်တရက်ပေါ်ထွက်လာရာ အမည်လေးကို အဘတို့အား ပြောကြားလိုက်ရပါတော့၏။

“အမည်သညာ ခေါ်စရာကား ‘ဒဿ   ဘုတို’ ဖြစ်ပေသတည်း”

“ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013