
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဘတ်စ်ကားနဲ့ ရထားတိုက်မှုကြောင့် သေဆုံးခဲ့သူတွေထဲ မြန်မာအမျိုးသမီးတယောက် ပါဝင်ပြီး သူ့ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ဖို့ မိသားစုဝင်တွေက စောင့်ဆိုင်းနေပါတယ်။
ထိုင်းအစိုးရဘက်က သေဆုံးသူတွေအတွက် နစ်နာကြေး တယောက်ကို ဘတ် ၂ ဒသမ ၃ သန်းကျော် ပေးဖို့ စီစဉ်ထားတယ်လို့ ကနဦး သိရပါတယ်။
ဘန်ကောက်မြို့၊ အာဆုတ်ခ်နဲ့ ဖတ်ချာဘူရီ လမ်းဆုံအနီး မက္ကဆန်ရထားလမ်း ဖြတ်ကျော်နေရာမှာ မေ ၁၆ ရက်က ကုန်တင်ရထားတစင်းနဲ့ အများပြည်သူစီး ဘတ်စ်ကားတစီး ပြင်းထန်စွာ တိုက်မိပြီး ဘတ်စ်ကား မီးလောင်ကျွမ်းမှုကြောင့် လူ ၈ ယောက် သေဆုံးကာ ၃၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ ရထားတိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ အသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသမီး မအေးအေးမြင့် ပါဝင်ခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်း ထုတ်နိုင်ဖို့ မိသားစုဝင်တွေက မြန်မာသံရုံးနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ မအေးအေးမြင့်ရဲ့ ဝမ်းကွဲအစ်ကို ကိုဝင်းက DVB ကို ပြောပါတယ်။
“အလောင်းတော့ မထုတ်ရသေးဘူး။ ဒီနေ့တော့ ပြီးအောင် ကြိုးစားနေပါတယ်။ သံရုံးမှာရှိတဲ့ လူကြီးတွေ၊ အာဏာပိုင်တွေကတော့ ထိထိရောက်ရောက် ကူညီဝိုင်းဝန်းပေးတာပေါ့။ အခုကတော့ မိသားစုဝင်တွေကို နေရာတခုမှာ ပေးနားထားတယ်။ ဒီနေ့ (အလောင်း) ထုတ်မီရင်တော့ နာရေးကို ဒီညနေ စပြီးလုပ်မှာပါ။ အကယ်၍ ဒီနေ့ ထုတ်မမီရင် မနက်ဖြန်ပေါ့။ မိသားစုဝင်တွေက အမျိုးနှစ်ဖက်စလုံးက လူတွေ များများရောက်လာတယ်။ အစိုးရ ကြေညာထားတာတော့ လျော်ကြေးပေးမယ်။ ပမာဏကတော့ မခန့်မှန်းတတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ မိသားစုဝင်တွေတော့ ငိုကြွေးနေကြတယ်။ ဘန်ကောက်မှာရှိတဲ့ မိသားစုဝင်တွေက ထားခဲ့တဲ့သူအတွက် အကောင်းဆုံး လုပ်ပေးနေကြတာပေါ့။”
သေဆုံးသူ မအေးအေးမြင့်ရဲ့ ရုပ်အလောင်းကို သွားရောက် အတည်ပြုစဉ်မှာ သူ့ရဲ့ခင်ပွန်းက ဖြေမဆည်နိုင်ဘဲ သတိလစ် မေ့မြောသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှေးဦးသူနာပြုစုကာ နေရာကနေ ခေါ်ထုတ်သွားခဲ့ရပါတယ်။
မအေးအေးမြင့်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာပြည်က မိသားစုဝင်တွေကို ထောက်ပံ့ ကျွေးမွေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေ့ကတော့ အလုပ်ကနေ အိမ်ပြန်ဖို့ ဘတ်စ်ကားစီးလာချိန် ရထားက အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် မီးလောင်မှုထဲ ပါသွားပြီး သေဆုံးခဲ့ရတာလို့ ဆွေမျိုးတွေက ပြောပါတယ်။
ဒီမတော်တဆမှုကြောင့် သေဆုံးသွားသူတွေအတွက် ထိုင်းအစိုးရဘက်က လျော်ကြေးနဲ့ ထောက်ပံ့ကြေးတွေ ပေးသွားမယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ဒီလိုမျိုး အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ရထားတိုက်မှုလိုမျိုး မှုခင်းဖြစ်စဉ်မျိုးမှာ ထိုင်းအစိုးရဘက်က နစ်နာကြေးပေး၊ လျော်ကြေးပေးတာကတော့ မြန်မာလုပ်သားပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ရကြတာများတယ်။ သိပ်ပြီးတော့ အရမ်းကြီး အမှုအခင်းအနေနဲ့ ပင်ပန်းစရာ မလိုဘူး။ စနစ်တကျနဲ့ သူတို့ဘက်က တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ အပြည့်အစုံ ပေးနိုင်ရင်၊ မိဘတွေ မိသားစု ထောက်ခံမှုတွေ၊ ပြီးတော့ သမီးဖြစ်ကြောင်း သားဖြစ်ကြောင်း မှန်ကန်ကြောင်း ပြနိုင်ရင် ထိုင်းအစိုးရဆီက ထိုက်သင့်တဲ့ ထောက်ပံ့ကြေး ရတာပဲလေ။ ဒါကတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ အမှုအခင်းမျိုး ပုံစံမျိုး ဖြစ်နေလို့သာ၊ အပြင်မှာတော့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရတာတွေ၊ ခြေပြတ်လက်ပြတ် ဖြစ်တာတွေဆိုရင် လုပ်ငန်းရှင်ဘက်က ညစ်တယ်ဆို ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ မရနိုင်ဘူး” လို့ ပြောပါတယ်။
ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနဘက်ကတော့ သေဆုံးသူ တယောက်ချင်းစီအတွက် အာမခံ ရန်ပုံငွေကနေ ကနဦး ထောက်ပံ့ကြေး ဘတ် ၂ ဒသမ ၃၉ သန်းအထိ ပေးသွားမယ်လို့ ပြောထားပါတယ်။
ထိုင်းနိုင်ငံဟာ လမ်းအန္တရာယ်ဆိုင်ရာ သေဆုံးမှု မြင့်မားတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ WHO အဖွဲ့ဝင် ၁၇၅ နိုင်ငံထဲမှာ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံစာရင်းမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။










