DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ဒေါ်လာ သန်း ၂၈၀ ကျော်သုံးစွဲမည်ဟု ကနေဒါ ကြေညာ
DVB
·
June 21, 2022
မြန်မာ့အရေး ဒေါ်လာ သန်း ၂၈၀ ကျော်သုံးစွဲမည်ဟု ကနေဒါ ကြေညာ
Donate to DVB

ရိုဟင်ဂျာအရေးအပါအဝင် လက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေးအကျပ်အတည်းတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ သန်း ၂၈၀ ကျော်သုံးစွဲမယ်လို့  ကနေဒါ အစိုးရက ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာ့အရေးအတွက် ကနေဒါ အစိုးရက မဟာဗျူဟာမြောက်အစီအစဉ်တရပ်ကို ရေးဆွဲထားပြီး ငွေကြေးအားဖြင့် ဒေါ်လာ ၂၈၈ ဒသမ ၃ သန်း သုံးစွဲသွားဖို့ ရှိတဲ့အပြင် စီမံချက်ကို ၃ နှစ်အတွင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းထဲမှာ ရိုဟင်ဂျာ အရေးနဲ့အတူ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ တခြားထိခိုက်ခံရသူတွေရဲ့ လက်တလော အရေးပေါ် အကျပ်အတည်းတွေကို တုံ့ပြန်ဖြေရှင်းရာမှာ ကာလလတ်၊ ကာလရှည် ဆိုပြီး နှစ်ပိုင်း ခွဲခြားဆောင်ရွက်သွားမှာလို့ဆိုပါတယ်။

ဒါကြောင့် ကနေဒါ အစိုးရက မြန်မာလူထုရဲ့ ဆန္ဒနဲ့အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး အပါအဝင် ရိုဟင်ဂျာတွေနဲ့ တခြားအသိုက်အဝန်းတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာအကြမ်းဖက် စစ်တပ်အား တာဝန်ခံမှု ရှိစေရန် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

သတ်မှတ်မျှော်မှန်းထားတဲ့ အောင်မြင်မှုကို ရရှိဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားက ရှုပ်ထွေးပြီးတခုနဲ့  တခုဆက်စပ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရန် အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် တခြားနိုင်ငံတကာ မိတ်ဖက်တွေနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားဖို့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းများဆိုင်ရာ အထူးသံတမန် အသစ်တဦးကိုလည်း ခန့်အပ်သွားဖို့ ရှိပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျီုလီက “လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာအရေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သတ်ပြီး ကနေဒါအစိုးရက လွန်စွာစိုးရိမ်ပူပန်နေဆဲ ရှိပါတယ်။ မြန်မာစစ်တပ်အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုပါတယ်။ ရိုဟင်ဂျာတွေ အပါအဝင် ထိခိုက်ခံရတဲ့ အသိုက်အဝန်းတွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေ နဲ့ ၎င်းတို့၏ စကားသံတွေကို ကြားသိနိုင်ဖို့ ကျွန်ုပ်တို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

အလားတူ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဟာဂျစ်ဆာဂျ်ဂျန်ကလည်း “ရိုဟင်ဂျာနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တုံ့ပြန်ရာမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အရေးကို အဓိကနေရာမှာ ထားရှိပါတယ်။ မတူကွဲပြားမှု အမျိုးမျိုး တို့ရှိကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ စကားသံတွေ၊ ကိုယ်စားပြုမှုနဲ့စွမ်းဆောင်နိုင်မှုတွေကိုလည်း အားကောင်းလာစေဖို့ ဆက်လက်ပံ့ပိုး ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

ကနေဒါအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေကိုပေးဖို့ ဒေါ်လာ ၁၅ ဒသမ ၃ သန်းနဲ့အတူ မြန်မာနိုင်ငံမှာလည်း ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပါအဝင် အထိခိုက်လွယ်ဆုံးသူတွေအတွက် လတ်တလော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွေ့အကြုံရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေထံ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်း ခွဲဝေချပေးထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013