DVB Logo
Home
မြန်မာသတင်း
ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ငွေကြေးသစ် NUG အစိုးရက တရားဝင်မိတ်ဆက်
DVB
·
June 20, 2022
ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ငွေကြေးသစ် NUG အစိုးရက တရားဝင်မိတ်ဆက်
Donate to DVB

မြန်မာနိုင်ငံ၏ ပထမဆုံး Blockchain အခြေပြု  ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့  “ဒစ်ဂျစ်တယ် မြန်မာကျပ်” (DMMK)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူတွေထံ တရားဝင်မိတ်ဆက်ပြီး ထုတ်ပြန်လိုက်ပါတယ်။

NUG အစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ တရားဝင် ငွေကြေးတခုဖြင့် ကျောထောက်နောက်ခံ ပြုထားတဲ့ blockchain နည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးတခု ဖြစ်တယ်လို့ ဆိုပါတယ်။

DMMK ငွေကြေးဟာ NUG အစိုးရမှ အသိအမှတ်ပြုထားတဲ့ တရားဝင်ငွေကြေး ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေ သို့မဟုတ် DMMK အား အသုံးပြုနိုင်ပါတယ်။ ဒီ့အပြင် DMMK အနေနဲ့ ဈေးကွက်အတွင်းမှာ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) ကဲ့သို့ တည်ရှိနေမှာ ဖြစ်တယ်လို့ NUG အစိုးရက ရှင်းလင်းထားပါတယ်။

NUG အစိုးရက တာဝန်ယူဆောင်ရွက်ထားတဲ့ DMMK ငွေကြေးစနစ်ဟာ လွတ်လပ်စွာ တည်ရှိမှု၊ အလွယ်တကူ ရရှိနိုင်မှု၊ တီထွင်ဆန်းသစ်မှုနှင့်လုံခြုံမှု စတဲ့ အခြေခံမူတွေနဲ့ ဖန်တီးထားတဲ့အပြင် လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အပါအဝင် ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ နည်းပညာအသုံးစရိတ်နဲ့ စီးပွားရေး အခြေအနေတွေအပေါ် အကျိုးပြုဖို့ လေ့လာဆန်းစစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားတာပါ။

ပြည်သူတွေဟာ DMMK ငွေကြေးကို NUGPay မိုဘိုင်း ပိုက်ဆံအိတ် အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် လက်လီ အနေနဲ့ ရောင်းဝယ်ဖောက်ကားကြရာမှာ ငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။

ဒါကြောင့် DMMK ငွေကြေးစနစ်ကို ထုတ်ဝေထားခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေ၊ လက်လီငွေပေးချေမှု၊ လုံခြုံတဲ့ ငွေပေးချေမှုနဲ့ ခေတ်မီတဲ့ ဘဏ္ဍာရေးငွေပေးချေမှုတွေကို အကုန်အကျ သက်သာစွာဖြင့် ရရှိစေမှာ ဖြစ်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

DMMK ရဲ့ငွေကြေးယူနစ်ဟာ ကျပ်ငွေနဲ့ သတ်မှတ်ထားတာကြောင့် DMMK ၁ ကျပ်ဟာ မြန်မာငွေ ၁ ကျပ်နဲ့ တူညီစွာ တန်ဖိုးရှိမှာဖြစ်ပြီး အားသာချက်ကလည်း တခြားဒစ်ဂျစ်တယ်ငွေကြေးတွေဖြစ်တဲ့ Cryptocurrency ကဲ့သို့ ဈေးနှုန်း အတက်အကျ မရှိတဲ့အပြင် ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

NUG အစိုးရက ဒစ်ဂျစ်တယ်ငွေကြေး အကောင်အထည်ဖော်မယ့် ကြေညာပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကကလည်း တရားဝင်ခွင့်ပြုမထားတဲ့ Mobile Pay ၊ Mobile Wallet နဲ့ အွန်လိုင်း ငွေပေးချေမှုတွေကို တွေ့ရှိပါက ငွေရေး ကြေးရေးအဖွဲ့အစည်းဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပြည်တွင်းမှာ ငွေပေးချေမှုတွေဆောင်ရွက်နိုင်ဖို့ မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၈ ခု၊ အင်တာနက်ဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၀ ခု၊ မိုဘိုင်းငွေပေးချေမှု(Mobile Pay) လုပ်ငန်းအတွက် ဘဏ် ၈ ခု၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအတွက် အဖွဲ့အစည်း ၅ ခု၊ Transporation Card နဲ့ Shopping Card စတဲ့ ကတ်ပေးချေမှုလုပ်ငန်းအတွက် အဖွဲ့အစည်း ၇ ခု၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် ကုမ္ပဏီ ၄ ခု တို့ကို ခွင့်ပြုပေးထားပြီး ကြီးကြပ်ပေးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရှင်းလင်းထားပါတယ်။

ဒါကြောင့် တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက် ရှိမနေတဲ့အတွက် ပြည်သူတွေ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ ခွင့်ပြုချက် မရရှိထားဘဲ ဆောင်ရွက်နေတာကို တွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ်လို့ ဗဟိုဘဏ်က ခြိမ်းခြောက်ထားပါတယ်။

NUG အစိုးရက ထုတ်လုပ်တဲ့ Mobile Wallet နဲ့ ပတ်သတ်ပြီး ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူတဦးက “စစ်ကောင်စီအနေနဲ့ ဒီမိုဘိုင်း ဝေါလက်တွေကို နည်းပညာအရပေါ့နော်၊ ကန့်သတ်ပိတ်ပင်တာမျိုးတွေ လုပ်လို့တော့ မရနိုင်ဘူး။ ဒါပေမဲ့ တခုရှိတာက နှောင့်ယှက်လို့တော့ ရတယ်။ ဆိုတော့ ဒါကို သုံးစွဲတဲ့သူတွေက လိမ်မာပါးနပ်စွာနဲ့ ကိုင်တွယ်မယ်ဆိုရင် ပြဿနာ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ လက်ရှိ အသုံးပြုနေတဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေက Wave Money ၊ M-Pitesan ၊ OK$ ၊ MytelPay နဲ့ MPT Pay တို့ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခွင့်ပြုပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013