
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ဆူးပုပ်ပင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဆူးပုပ်ပင်ကို သိပ္ပံလို Acacia pennata syn. Senegalia pennata လို့ခေါ်ပြီး အင်္ဂလိပ်လို Climbing Acacia, Climbing Wattle, Feather Acacia, Narrow Leaved Soap Pod, thorny tree, Khang, Stinky Leaf, Petai Duri, Rau Thoi, Cha-om tree, rusty mimosa, wait-a-bit-thorn လို့ ခေါ်ကြပါတယ်။
ဆူးပုပ်ပင်မှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ flavonoid, tannin, saponins, quercetin, gallic acid, ferulic acid, Caffeic acid, Taepeenin D, Lupeol, Terpenoid, chrysoeriol, coumarin, sterol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ်ဆေး/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အူလမ်းကြောင်း ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ အစာလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ဆူးပုပ်ပင်ရဲ့ အရွက်၊ အမြစ်၊ အခေါက်၊ အစေ့တို့ကို သုံးစွဲကြပါတယ်။ အခေါက်နဲ့ အမြစ်ပြုတ်ကို အနာစိမ်းတွေ၊ နှင်းခူနဲ့ လိပ်ခေါင်းရောဂါတွေ၊ အရေပြားပိုးဝင်တာ၊ ပွေးနဲ့ ဘက်တီးရီးယား အနာတွေအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
သန်/တုတ်ကောင်ရောဂါတွေမှာ အမြစ် အမှုန့် ကော်ဖီတဇွန်း/ အမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်လောက် သောက်ပေးနိုင်ပါတယ်။
ဆူးပုပ်ပင် အကိုင်းအခက်တွေကို ရိုးရာသွားတိုက်တံအဖြစ် အသုံးပြုခြင်းက သွားဖုံးရောင်ရမ်းခြင်းနဲ့ ခံတွင်းအနာတွေကို လျှော့ချပေးပါတယ်။ အခေါက်ပြုတ်ရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းက ဗောက်တွေကို သက်သာစေပါတယ်။
ဝမ်းဗိုက်လေနာနဲ့ အစာအိမ်နာခြင်း အမြစ်သွေးရည် တခါသောက် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အစေ့လတ်လတ်ဆတ်ဆတ်များ ဆီကို မီးလောင်ဒဏ်ရာများမှာ လိမ်းပေးနိုင်ပါတယ်။ အခေါက်သတ္တုရည်ကို ဝဲယားနာ၊ ပြတ်ရှဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာတွေမှာ လိမ်းပေးနိုင်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါမှာ ပင်စည်အစေးရည် လတ်လတ်ဆတ်ဆတ် ကော်ဖီဇွန်းဝက်ခန့်ကို တနေ့တကြိမ် ရေနွေးနဲ့ နေ့စဉ် သောက်ပေးနိုင်ပါတယ်။
သွားဖုံးသွေးယိုခြင်းအတွက် ဆူးပုပ်ရွက်ကို ဇီယာရွက်နဲ့ရောပြီး သကြားအနည်းငယ်ထည့်ကာ ဝါးပေးနိုင်ပါတယ်။
ခန္ဓာကိုယ် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်တာနဲ့ ဖျားနာခြင်းတွေမှာ အရွက်နုပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါအတွက် ပင်စည်အခေါက် ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အတွင်းပိုင်း သွေးယိုစီးမှု အတွက်လည်း အသုံးဝင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းတွေမှာ အမြစ်အခေါက်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့တကြိမ် သောက်ပေးနိုင်ပါတယ်။
မီးယပ်ဖြူဆင်းခြင်းအတွက် ဆူးပုပ်ရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို သကြား ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကြက်ညှာချောင်းဆိုးခြင်းအတွက် ပင်စည်အခေါက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂ ကြိမ် ငါးရက်သောက်ပါ။
ဆူးပုပ်ရွက်အသင့်အတင့်ကို ပုံမှန်စားသောက်ပေးခြင်းက ဆီးချိုရောဂါထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
ဆူးပုပ်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပါးစပ်/လည်ချောင်း ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လေအောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဆူးပုပ်ပင်နဲ့ ဓာတ်မတည့်သူတွေ ဆူးပုပ်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြည်ပါ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကလေးသူငယ်တွေ သုံးစွဲခြင်း မပြုသင့်ပါ။
နွေဦးပြည်သူတွေ ဆူးပုပ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။










