မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇွန် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို)က အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၁၃ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ လူထုခေါင်းဆောင်က စစ်(...)တွေ မတရားဖမ်းဆီးခံထားရာကနေ မလွတ်မြောက်သေးဘူး။ လူထုခေါင်းဆောင်ရဲ့ လမ်းစဥ်၊ လမ်းညွှန်ချက်နဲ့အညီ လွတ်မြောက်ဖို့ အကြောက်တရား မရှိတဲ့ခေတ်ကိုရောက်ဖို့ တော်လှန်ရေးဆင်နွှဲနေတာပါ။ ကျနော်တို့ကလည်း လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားတာကို ပြသတဲ့အနေနဲ့ သူ့မွေးနေ့မှာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပေးတာ” လို့ ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီသင်တန်းကို သင်တန်းသား ၉၅ ယောက်နဲ့ သင်တန်းသူ ၅ ယောက် တက်ရောက်ခဲ့ပြီး သင်းတန်းကာလကတော့ ၁၁ ရက် အခြေခံစစ်ပညာ သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။
ရက်တိုသင်တန်းဆိုပေမယ့် သေနတ်တလက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပစ်ခတ်တိုက်ခိုက်နိုင်အောင် သင်ကြားပို့ချပေးခဲ့ပြီး နောက်ပိုင်းမှာလည်း မွမ်းမံ သင်တန်းတွေ ထပ်မံပို့ချပေးသွားမယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ် ပ.က.ဖ အနေနဲ့ ရှေ့ဆက်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးအတွက် တော်လှန်ရေးရဲဘော်တွေ ဆက်လက်မွေးထုတ်ပေးမှာဖြစ်သလို ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။