DVB Logo
Home
Lead Story
နိုင်ငံရေးအရလုပ်ဆောင်ခဲ့မှုမှန်သမျှ ရာဇဝတ်မှုမဟုတ်
DVB
·
June 18, 2022
နိုင်ငံရေးအရလုပ်ဆောင်ခဲ့မှုမှန်သမျှ ရာဇဝတ်မှုမဟုတ်
Donate to DVB

ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးလုံးကို သေဒဏ်အတည်ပြုလိုက်တယ် ဆိုတဲ့သတင်း တက်လာတယ်။ ဒီအကြောင်းကို မပြောချင်ခဲ့ပါဘူး။ တချို့လည်း စိတ်မကောင်းစွာနဲ့ဘဲ မပြောခဲ့ကြဘူး။ တချို့ကျတော့လည်း ဗမာဆိုရိုးစကားမှာ ‘ကျွဲပါးစောင်းတီး’ ဆိုသလိုပဲ ပညာရှိစကားကို နလပိန်းတုံးတွေကြားမှာတော့ နားမဝင်နိုင်တာကြောင့် မပြောတာလည်းရှိပေါ့။ အမှား အမှန် မခွဲခြားတတ်တဲ့ လူ့အန္ဓတွေနဲ့ ဆက်ဆံရမှာကို ပညာရှိတွေက ရှောင်လွှဲတတ်ကြတယ်။ ကိုယ်တွေက အလိမ္မာပညာရှိ မဟုတ်လေတော့ ပြောစရာရှိတာတော့ ပြောရဦးမယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို မပြောချင်ဘူး။ စိတ်ထဲလည်းမကောင်းဘူး။ တဖက်ကလည်း အကြမ်းဖက်စစ်တပ်အုပ်စုကို အဖက်မလုပ်ချင်တာလည်းပါတယ်။ အကြမ်းဖက် ပြန်ပေး စစ်အုပ်စုကို လူရာမသွင်းချင်တာလည်းပါရဲ့။ သူတို့အုပ်စုဟာ အကြမ်းဖက် ပြန်ပေးဂိုဏ်းအဆင့်ပဲ ရှိတာမို့ပါ။ ပြန်ပေးသမားကို အလျှော့ပေး ဆက်ဆံနေတဲ့ အာဆီယံရဲ့ မပြတ်သားမှုနဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ‘ဗီတို’ တွေကြောင့်လည်း ပြန်ပေးသမားတို့ သက်ဆိုးရှည်နေတာ။

ဒီအကြောင်းပြောမယ်ဆိုတော့ ကျောင်းသားဘဝက ဖတ်ခဲ့ရဖူးတဲ့ ‘ဗမာတော်လှန်ရေးမှာ မောင့်ဘက်တန်ရဲ့ ခေါင်းဆောင်ပီသမှုနဲ့ နိုင်ငံရေးသဘောထားကြီးမှု’ တွေကို ပြန်လည်သုံးသပ်ကြည့်မိတယ်။ မောင့်ဘက်တန်ဆိုတာ ဒုတိယကမ္ဘာစစ်က အရှေ့တောင်အာရှ စစ်မျက်နှာတခုလုံးရဲ့ စစ်သေနာပတိတယောက်ပါပဲ။ စစ်ကြီးပြီးတော့ အင်္ဂလန်ဘုရင်မကြီးက “ဗမာပြည်၏ မောင့်ဘက်တန်” ဆိုတဲ့ ဘွဲ့တံဆိပ်အပ်နှင်းခြင်းခံရသူ။ သူကိုယ်တိုင်ကလည်း ဒီဘွဲ့ကို နှစ်ခြိုက်တဲ့အတွက် သူ့လက်မှတ်ကို ‘မောင့်ဘက်တန် အော့ ဘားမား’ လို့ အပြည့်အစုံထိုးသတဲ့။ ထားတော့။ ဒါက သူ့အကြောင်းပေါ့။ ပြောချင်တာက ‘နိုင်ငံရေးအရ လုပ်ဆောင်ခဲ့မှုတွေဟာ ရာဇဝတ်မှုမဟုတ်ဘူး’ ဆိုတာပဲ။

အင်္ဂလိပ်တို့ မြန်မာ့မြေ ပြန်လည်သိမ်းပိုက်ရေးစစ်မှာ ဒေသအချို့ကို သိမ်းပြီးတာနဲ့ စစ်အုပ်ချုပ်ရေးက တပြိုင်တည်းလိုက်လာတယ်။ မြစ်ကြီးနားကို သိမ်းပြီးတဲ့နောက် တို့ဗမာဆင်းရဲသားအစည်းအရုံးခေါင်းဆောင် သခင်နက်ဖေ၊ သခင်ဖိုးထွေး၊ သခင်ဘထွန်း၊ သခင်တင်မောင်၊ သခင်လှမောင်တို့ကို အင်္ဂလိပ်စစ်အုပ်ချုပ်ရေးအရာရှိ ရာဇဝတ်ဝန် မစ္စတာဟီလ်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်။ စစ်အုပ်ချုပ်ရေးဗိုလ်ချုပ် ပီးယားစ်ထံမှလည်း အပြစ်ပေးခံရမယ့်စာရင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကစပြီး ဗမာခေါင်းဆောင်တွေရဲ့ အမည်စာရင်း ပါလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ကယား(ကရင်နီ)ခေါင်းဆောင် ‘သိုင်းသန်းတင်’ကိုလည်း ဖက်ဆစ်သူလျှိုတယောက်ကို သေဒဏ်ပေးမှုနဲ့ တသက်တကျွန်း (အနှစ် ၂၀) ပြစ်ဒဏ်ချလိုက်ပြန်တယ်။ ဖြစ်ပုံက ထန်းတပင်နယ်ဘက်မှာ ဖက်ဆစ်သူလျှိုတယောက်ကို သိုင်းသန်းတင်က သေဒဏ်ပေးခဲ့ဖူးတယ်။ အင်္ဂလိပ် စစ်အုပ်ချုပ်ရေး ရောက်လာတဲ့ အဲ့ဒီကိစ္စကို မတရားအမှုဖွင့်ပြီး စွဲဆိုခဲ့တာ။ နောက်ဆုံး သခင်အောင်ဆန်းကိုတောင် လူသတ်မှုနဲ့ တရားစွဲဖို့ ကြိုးစားကြသေးတာမို့လား။

ဒီလိုကိစ္စရပ်တွေကြောင့် ၁၉၄၅ ဇွန် ၂ ရက်နေ့မှာ မောင့်ဘက်တန်က ‘ဗမာတို့အပေါ်သဘောထား’ (Policy Towards The Burmans) ကို ကြိုတင်ပြီး ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်။ ညွှန်ကြားချက်မှာ “အတိတ်ကာလဖြစ်စေ၊ လောလောဆယ်အားဖြင့်ဖြစ်စေ၊ ဗြိတိသျှဆန့်ကျင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည့်တိုင်အောင် နိုင်ငံရေးပြစ်မှုရှိသူများကို မည်သို့မျှအရေးမယူ။ ရိုးရိုးရာဇဝတ်မှု ကျူးလွန်သူများကိုသာ အရေးယူရမည်။ ဤသည်ကား  ဗြိတိသျှတို့၏ တရားမျှတမှုကို ရောက်ရုံမက လက်ရှိအခြေနေအရ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သောကိစ္စ ဖြစ်သည်” လို့ အစချီထားတယ်။

အထူးသဖြင့် သူ့ရဲ့ညွှန်ကြားချက်မှာပါတာက “၁။ နိုင်ငံရေးပယောဂမကင်းသော သေဒဏ်မသက်မရောက်သည့် ပြစ်မှုတခုခုရှိလျှင် ထိုအမှုကို အမြန်ဆုံး အကျယ်တဝင့် အစီရင်ခံရမည်။ ၂။ သေဒဏ်သက်ရောက်သော အမှုများကို ကျွန်ုပ်သို့ ကြေးနန်းသတင်းပို့ရမည်။ ကျွန်ုပ်ထံမှ အမိန့်မရမီ သေဒဏ်မပေးရ” ပုံ ‘လူဝီမောင့်ဘက်တန်’ ဆိုပြီး ထုတ်ပြန်ခဲ့သေးတယ်။ ဒါကိုတော့ မောင်ဝံသပြုစုတဲ့ ‘မြန်မာချစ်သော မောင့်ဘက်တန်’ မှာလည်း တွေ့နိုင်တယ်။

ဒါ့အပြင် ၁၉၄၅ ဇွန်လထဲမှာ Mountbatten’s Report ဆိုပြီး ညွှန်ကြားချက်တစောင်မှာလည်း “ယခုကာလတွင်လည်းကောင်း ယခင်အတိတ်ကသော်လည်းကောင်း  ရိုးရိုးသားသား နိုင်ငံရေးအမြင် ခံယူချက်မျိုးကြောင့် မည်သူမဆို ပြစ်ဒဏ်ခံရခြင်း မရှိစေရ။ နိုင်ငံရေးခံယူချက် ဆိုရာတွင်လည်း ဗြိတိသျှအစိုးရကို ဆန့်ကျင်သည့် ခံယူချက်ပါ အကျုံးဝင်သည်။ သို့သော် အထောက်အထားခိုင်လုံသော ရာဇဝတ်ပြစ်မှုများနှင့် လူသားချင်းစာနာမှုကင်းသော လုပ်ရပ်များအတွက်မူကား ရာဇဝတ်ကြောင်းဆိုင်ရာ တရားဥပဒေအရ အရေးယူခြင်းခံရမည်။ ယခုထုတ်ပြန်လိုက်သောမူသည် ဗြိတိသျှတရားရေးစနစ်၏ အခြေခံ အနှစ်သာရအတိုင်းသာ ဖြစ်သည်။ ထိုအနှစ်သာရဘောင်မှ မကျော်လွန်။” လို့ ပါရှိခဲ့တယ်။

ဂျပန်တို့ မြန်မာ့မြေပေါ်က ထွက်ခွာသွားပြီးတဲ့နောက် ‘သခင်အောင်ဆန်းကို တရားစွဲဖို့ စစ်ပြေးအစိုးရက ပြင်ဆင်လာတယ်။ အာဏာနဲ့ပတ်သက်လာတော့ ဗမာအချင်းချင်း သစ္စာဖောက်ပြီး သခင်ထွန်းအုပ်ကလည်း သက်သေခံရုံသာမက ဗြိတိသျှတို့ကို ဒီကိစ္စနဲ့ပတ်သက်ရင် အကူညီပေးမယ်လို့ ဆိုလာတယ်။ ဆာပေါ်ထွန်းကလည်း သူ နန်းရင်းဝန်လုပ်ခဲ့စဉ်က နည်းလမ်းအတိုင်း အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ထောင်ချချင်နေတယ်’ လို့ မောရစ်ကောလစ်က Last And First In Burma မှာ ဖော်ပြခဲ့တယ်။

လန်ဒန်ဆွေးနွေးပွဲတခုမှာတော့ မောင့်ဘက်တန်က “ရာဇဝတ်မှုများကို နှိပ်ကွပ်လျက် ငြိမ်ဝပ်ပိပြားမှုကို လုပ်ဆောင်ရပါမည်။ သို့သော် နိုင်ငံရေးပြစ်မှုများကိုတော့ ရာဇဝတ်မှုများဟု သဘောထားရမည် မဟုတ်ချေ” လို့ ဆွေးနွေးခဲ့တယ်။ နောက်တော့ သခင်အောင်ဆန်းရဲ့ စစ်အတွင်း နိုင်ငံရေးလုပ်ရပ်တို့နဲ့ ပတ်သက်ပြီး ဗြိတိသျှတို့ဘက်က လက်လျှော့သွားခဲ့တယ်။

အခုဖော်ပြခဲ့တာတွေက စစ်ရေးခေါင်းဆောင် သေနာပတိတဦးရဲ့ နိုင်ငံရေးသမားအပေါ် သဘောထားကြီးကြီးထားခဲ့တဲ့ အကြောင်းပါ။ ဒါတောင် သူ့လူမျိုးလည်းမဟုတ် တချိန်က သူတို့ရန်သူနဲ့ပေါင်းပြီး သူတို့ကိုပြန်တိုက်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့အစည်းအပေါ်မှာ ထားရှိတဲ့ သဘောထားဟာ အလွန်ပြုနိုင်ခဲတဲ့ စိတ်နှလုံးကြီးမြတ်မှုတခု ဖြစ်နေတာကို တွေ့ရတယ်။ သူ အခိုင်အမာ ဆုပ်ကိုင်ထားတာက “နိုင်ငံရေးပြစ်မှုဖြစ်ရင် အရေးယူခြင်း မပြုဖို့ပဲ။ နိုင်ငံရေးအရ လုပ်ဆောင်ခဲ့မှုတွေဟာ ရာဇဝတ်မှုမဟုတ်ဘူး။ သူ့နိုင်ငံလွတ်လပ်ရေးအတွက် ဖက်ဆစ်နဲ့ ပေါင်းခဲ့တဲ့ နိုင်ငံရေးခြေလှမ်း မှားခဲ့တာဟာ ရာဇဝတ်မှုမဟုတ်ဘူး” ဆိုတာပါပဲ။

လက်ရှိ မြန်မာပြည်အခြေအနေဟာ တရားမဝင် စစ်အာဏာလုယူထားခြင်း ဖြစ်တယ်။ စစ်တပ်က လက်နက်နဲ့ အနိုင်ကျင့်ထားတဲ့ စစ်အုပ်ချုပ်ရေးဖြစ်တယ်။ ဘယ်လောက်ပဲ ‘အိမ်စောင့်အစိုးရ’ လို့ပြောပြော ကိုယ့်ဟာကိုယ် ဘယ်လိုပဲ ကင်ပွန်းတပ်တပ် အုပ်ချုပ်ရေး၊ တရားစီရေး အားလုံးဟာ လွတ်လပ်တဲ့တရားစီရင်ရေး မဖြစ်ခဲ့ဘူး။ လွတ်လပ်တဲ့တရားခွင် မဖြစ်ခဲ့ဘူး။ တရားမျှတတဲ့ စီရင်ခွင့်နယ်ကို ကျော်နေတဲ့ လက်နက်နဲ့ ခြိမ်းခြောက်ခံထားရတဲ့ တရားစီရင်ရေးသာ ဖြစ်ခဲ့တယ်။ အဲ့လို တရားစီရင်ရေးဟာ ပြန်လှန်ချေပပြောဆိုခွင့် မရှိတဲ့ တရားမျှတမှုကင်းမဲ့တဲ့ စီရင်ချက်သာ ဖြစ်တယ်။

အာဏာလုယူစဉ်ကလည်း ဥပဒေနဲ့ဆီလျော်ခြင်း မရှိခဲ့ဘူး။ ဥပဒေနဲ့ကိုက်ညီခြင်း တရားနည်လမ်းကျခြင်းဆိုတဲ့ (Legality) လည်း မရှိဘူး။ တရားဝင်မှု (Legitimacy) သဘောတရားအရလည်း အကျုံးမဝင်ခဲ့ဘူး။ အဲ့လို ဒီဖက်တိုအဆင့်တောင်မရှိတဲ့ တိရစ္ဆာန်အမြင်တခုဖြစ်တဲ့ အင်အားကြီးရင် အုပ်ချုပ်လို့ရတဲ့ အမြင်လောက်နဲ့ အုပ်ချုပ်ခဲ့တာကြောင့် လက်ရှိကာလမှာ တရားဥပဒေစိုးမိုးရေး (The Rule of Law) လည်း မရှိနိုင်ဘူး။ ရှိလည်းမရှိခဲ့ဘူး။

ဥပဒေများကို အသုံးပြု အုပ်ချုပ်နိုင်ခွင့်ဆိုတဲ့ Rule by Law လည်း မရှိဘူး။ အင်အားသုံးပြီး အုပ်ချုပ်တဲ့ Rule by Force သာဖြစ်တယ်။ လူပုဂ္ဂိုလ်တဦးချင်းသဘောနဲ့ အုပ်ချုပ်တဲ့ Rule by Man အဆင့်ပဲရှိတယ်။ မင်းအောင်လှိုင် တယောက်တည်းရဲ့ နုတ်မိန့်နဲ့ပေးတဲ့ Rule by Mouth လောက်ပဲရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖြစ်တာကြောင့် ဗမာပြည်သူများသာမက ကမ္ဘာ့ပြည်သူများကပါ လက်ခံလို့မရတဲ့ တရားစီရင်ရေး ဖြစ်တာကြောင့် တရားမဝင် မမျှတတဲ့ စီရင်ချက်သာ ဖြစ်တယ်။

ဥပဒေဆိုတာ တရာမျှတမှုရဲ့ ကိရိယာတန်ဆာပဲ။ ကောင်းတဲ့အစိုးရဟာ ကောင်းတဲ့ဥပဒေကို အသုံးပြုချဉ်းကပ်တယ်။ မကောင်းတဲ့ အကြမ်းဖက်အာဏာရှင်က မကောင်းတဲ့ဥပဒေနဲ့ လုပ်ဆောင်တယ်။ တရားရုံးတွေ၊ တရားခွင်တွေဆိုတာ ဥပဒေအရ တရားမျှတမှုရစေဖို့ ရှာဖွေဖို့ပဲဖြစ်တယ်။ တခါတရံမှာဆိုရင် တရားမျှတမှုဟာ ဥပဒေကို ကျော်လွန်ခွင့်တောင် ရှိတယ်။ ပြဌာန်းဥပဒေအရ တရားမျှတမှု မရခဲ့ရင် အဲ့ဒီပြဌာန်းဥပဒေကို ကျော်လွန်ခွင့်ရှိတယ်။ ဥပဒေထက် တရားမျှတမှုက အရင်လာတယ်။

အချုပ်အားဖြင့် ပြောချင်တာက ဗမာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ တရားဥပဒေစိုးမိုးရေး (Rule of Law) မရှိ။ ဥပဒေနဲ့ အသုံးချအုပ်ချုပ်တဲ့ Rule by Law လည်းမရှိ။ လက်နက်အင်အား အသုံးပြုအုပ်ချုပ်တဲ့ Rule by Force ပဲဖြစ်တယ်။ ပိုဆိုးတာက မင်းအောင်လှိုင် တယောက်တည်းအမိန့်ဖြစ်တဲ့ Rule by Man အုပ်ချုပ်မှုနဲ့ Rule by Mouth အဆင့်သာရှိတဲ့ အုပ်ချုပ်ရေးအောက်မှာ ဘယ်တရာရုံးမှ လွတ်လပ်မျှတတဲ့ စီရင်ခွင့်မရှိဘူး။ လွတ်လပ် ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး မဟုတ်ခဲ့ဘူး။

ဒီလိုတရားခွင်ရဲ့ ပြစ်ဒဏ်ချမှတ်မှုမှာ ဥပဒေကြောင်းနဲ့မညီတဲ့ တရားစီရင်ရေး ဖြစ်တာကြောင့် သေဒဏ်ကို စီရင်ခဲ့မယ်ဆိုရင် နောင်ဖြစ်လာမယ့် ကိစ္စရပ်အားလုံးဟာ အကြမ်းဖက်စစ်အုပ်စု တဦးတယောက်ချင်းသာမက သက်ဆိုင်ရာတဖွဲ့လုံး တာဝန်ယူကြရမှာဖြစ်တယ်။ တာဝန်ရှိသူအားလုံးဟာ နောင်တချိန်မှာ ပြဋ္ဌာန်း ဥပဒေအရ တရားမျှတမှုသာမက တရားဥပဒေထက် ကျော်လွန်တဲ့ တရားမျှတမှုကိုတောင် ခံစားရနိုင်စရာ အကြောင်းမရှိဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ခွင့်လွှတ်မှုပင် ရရှိနိုင်တော့မှာ မဟုတ်ကြောင်း သတိပေး ရေးသားလိုက်ရပါတယ်။

ဂန္ထဝင်မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013