
မယ်ဆိုင်မြို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ အကောက်ခွန်ဂိတ်မှာ မြန်မာဘက်က ဝင်လာတဲ့ သုံးဘီးကားတစီးပေါ်ကနေ ခေတာမင်မူးယစ်ဆေး အလေးချိန် ၁၁၁ ကီလိုကျော်နဲ့ စိတ်ကြွဆေးပြား ၆ သိန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၅ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ထိုင်းအကောက်ခွန်ဌာနနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်အဝင်အထွက်တွေ စောင့်ကြပ်စစ်ဆေးရာမှာ မြန်မာဘက်ကနေ သစ်သီးခြင်းအလွတ်တွေ တင်ဆောင်လာတဲ့ သုံးဘီးကားတစီးကိုပါ စစ်ဆေးခဲ့ကြပါတယ်။
ခြင်းလွတ်တွေရဲ့ အောက်ဆုံးမှာတော့ အစိမ်းရောင် လက်ဖက်ခြောက်ထုပ်နဲ့ ရွှေရောင်လက်ဖက်ခြောက်ထုပ် ၁၀၇ ထုပ်ကို တွေ့ပါတယ်၊ အထဲကို ဖောက်ကြည့်တဲ့အခါ ကြယ် ၅ လုံး အမှတ်တံဆိပ် ခေတာမင်မူးယစ်ဆေး စုစုပေါင်း အလေးချိန် ၁၁၁ ဒသမ ၈၂ ကီလိုဂရမ်နဲ့ ၉ သုံးလုံး အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၆၀၀, ၀၀၀ ကို တွေ့ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးဘီးမောင်းသူ တာချီလိတ်မြို့ ပုံးထွန်ရပ်ကွက်နေ ပအိုဝ်းတိုင်းရင်းသား ခွန်သိန်းဦး ဆိုသူအား ဖမ်းဆီးထားပြီး ထိုင်းနိုင်ငံထဲကို တရားမဝင်ကုန်ပစ္စည်း တင်သွင်းမှု၊ အဆင့် ၁ နဲ့ အဆင့် ၂ အပြင်းစား မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင် ဇူလိုင် ၄ ရက်နေ့ကလည်း ချင်းမိုင်ခရိုင်ထဲမှာ မြန်မာနယ်စပ်ဘက်ကနေ ဝင်လာတဲ့ ကားတစီးပေါ်ရှိ မြန်မာလို ‘နဂါးနီ’လို့ ရေးသားထားသော အိတ်တွေထဲကနေ စိတ်ကြွဆေးပြား ၅ သန်းကျော်ကို ဖမ်းမိခဲ့ပါသေးတယ်။
မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ဘက်ကနေ ဝင်လာတဲ့ မသင်္ကာဖွယ် ဟိုင်းလပ်စ်ကား တစီးနောက်ကို ထိုင်းစစ်တပ်လုံခြုံရေးတပ်ဖွဲ့တွေက နောက်ယောင်ခံလိုက်လာတာမှာ မဲ့တိုင်မြို့ ချီလိတ်အုပ်စုထဲ လိုက်မီလာစဉ် ယာဉ်မောင်းက ကားကို လမ်းဘေးထိုးရပ်ပြီး တောထဲ ထွက်ပြေးသွားပါတယ်။
အဆိုပါကားပေါ်ရှိ မြန်မာတံဆိပ်ပါ အိတ် ၂၃ လုံးကနေ စိတ်ကြွဆေးပြား ၅,၂၀၀,၀၀၀ ကို ဖမ်းမိခဲ့တဲ့အပြင် လမ်းပြလုပ်တဲ့ ဆိုင်ကယ်တစီးပါ ဖမ်းမိတယ်၊ ဆိုင်ကယ်သမားက လမ်းကြောင်းကြည့်ပေးခ ဘတ် ၆,၀၀၀ ရကြောင်း ဝန်ခံထားပါတယ်။
Source: Maesaipress News










