Home
မြန်မာသတင်း
မေလအတွင်း NUG က လူသားချင်းစာနာမှု အကူအညီကျပ် ၂၀၈ သန်းကျော် ထောက်ပံ့
DVB
·
June 17, 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလအတွင်း လူသားချင်းစာနာမှု အကူအညီကျပ် ၂၀၈ ဒသမ ၇၄ သန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက် ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေ၊ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းတွေအပါအဝင် ထိခိုက်လွယ်အုပ်စုတွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ထောက်ပံ့မှုမှာတော့ စစ်ကိုင်းတိုင်း၊ ကရင်နီ(ကယား)နဲ့ ကရင်ပြည်နယ် ၃ ခုကို ထောက်ပံ့မှု အများဆုံးပြုလုပ်ခဲ့ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက လူဦးရေ ၂၅၇,၃၀၁ ယောက်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေကို ၁၃၀ ဒသမ ၂၉ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ၂၀ ဒသမ ၇၄ သန်း၊ CDM ဝန်ထမ်းတွေကို ၁၄ ဒသမ ၃၆ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ မိသားစုဝင်တွေကို ၁၉ ဒသမ ၇၉ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၂၃ ဒသမ ၅၆ သန်းစီ ထောက်ပံ့နိုင်ခဲ့တာပါ။

ခုလို ထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ စေတနာ့ဝန်ထမ်း ပြည်သူ တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

အဲဒီအထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၇ သိန်းနီးပါး ပါဝင်နေကာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀,၀၀၀ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ မူလနေထိုင်ရာဒေသတွေဆီ ပြန်နေကြပေမယ့် ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် သူတို့ဟာ နေရပ်စွန့်ခွာရတာတွေ တကျော့ပြန်လည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024