DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အဖွဲ့နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေး တင်ပြ
DVB
·
June 17, 2022
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အဖွဲ့နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ  ဒေသဖွံ့ဖြိုးရေး တင်ပြ
1 / 9
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်တဲ့  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဇွန် ၁၆  ရက်က နေပြည်တော်မှာ သွားရောက် တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ (PNLO)အဖွဲ့က ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်ဖို့ အစဉ်လက်ခံထားကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စတွေ တင်ပြခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို  ပွင့်လင်းစွာ အကြေအလည် ဆွေးနွေးသွားမယ်၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုဥက္ကဋ္ဌ(၁)နဲ့အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနဲ့ ဗဟို ကော်မတီဝင် ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၅ ရက်က နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပြီး နောက်နေ့တွေမှလည်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာစတင်ဖိတ်ခေါ် ထားတာဖြစ်ပြီး လက်နက်ကိုင် ၁၀ ဖွဲ့က တက်ရောက်မယ်လို့ စာရင်းပေးထားတဲ့အထဲ ၆ ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

တွေ့ဆုံပြီးတဲ့ အဖွဲ့တွေကတော့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA-PC နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်ပါတယ်။ 

အဆိုပါအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပြီး လက်ရှိစစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ KNU၊ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သွားရောက် တွေ့ဆုံတာ မရှိပါဘူး။

မတွေ့ဆုံရသေးတဲ့အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲလာချင်ရင် လာနိုင်အောင် ထပ်မံဖိတ်ခေါ်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

Photo- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013