DVB Logo
Home
မြန်မာသတင်း
၁၀ တန်းစာမေးပွဲအောင်စာရင်း ကြည့်ရှုသူနည်းပါး၊ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်
DVB
·
June 17, 2022
၁၀ တန်းစာမေးပွဲအောင်စာရင်း ကြည့်ရှုသူနည်းပါး၊ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်
Donate to DVB

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက  ဇွန် ၁၇ ရက်  ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ မနက်လေးနာရီကတည်းက အောင်စာရင်းတွေကို ထုတ်ပြန်ထားပြီး ကျောင်းတွေမှာလည်း အောင်စာရင်းတွေက ကပ်ထားပြီးဖြစ်ပေမဲ့ မနက် ၆ နာရီထိုးမှသာ ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။

ရဲလုံခြုံရေးတွေကို သက်ဆိုင်ရာကျောင်းတွေမှာချထား အောင်စာရင်းလာကြည့်သူ နည်းပါတယ်။

မြန်မာတနိုင်ငံလုံးရှိ စာစစ်ဌာန ၆၉ ခုနဲ့ နိုင်ငံခြားစာစစ်ဌာနနေ ကျောင်းသားပေါင်း ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုရာမှာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပါတယ်။ တနိုင်ငံလုံးရဲ့ အောင်ချက်ရာခိုင်နှုန်းက ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးရရှိသူက စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင်အထကမှ မငြိမ်းမို့မို့ထွန်းက စုစုပေါင်းရမှတ် ၅၃၄ မှတ်နဲ့ ပထမရခဲ့ပါတယ်။

ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးရရှိသူကတော့ မွန်ပြည်နယ်၊ ဘီးလင်းအထကမှ မောင်ဆန်းဝင်းနောင်ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၂၂ မှတ်နဲ့ ပထမရရှိခဲ့ပါတယ်။

သိပ္ပံဘာသာတွဲ အမှတ်အများဆုံးဆုရှင်ကတော့ မန္တလေးတိုင်းဒေသကြီး အထက ၁၆ ချမ်းအေးသာဇံမှ မအိမ့်မှူးခင်ဖြစ်ပြီး စုစုပေါင်းရမှတ် ၅၅၈ မှတ်ဖြစ်ပါတယ်။

၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ အများဆုံးဒေသက ရခိုင်ပြည်နယ်ဖြစ်ပြီး ၄၁,၇၅၅ ‌ယောက်  ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

ဒုတိယအများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ၃၇,၂၃၇ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ တတိယအများဆုံးကတော့ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၃,၅၄၈ ယောက် ဝင်ရောက် ဖြေဆိုခဲ့ပါတယ်။

နိုင်ငံအတိုင်းအတာအရ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ပါတယ်။ မွန်ပြည်နယ်ဟာ အခုတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၁၁,၂၁၂ ယောက်ရှိပြီး အောင်မြင်သူ ၆,၄၁၄ ယောက် ရှိခဲ့တာပါ။

ဧရာဝတီတိုင်းကတော့ ဝင်ရောက်ဖြေဆိုသူ ၃၇,၂၃၇ ယောက်မှာ အောင်မြင်သူ ၁၉,၄၂၃ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၅၂ ဒသမ ၁၆ ရာခိုင်နှုန်း ဒုတိယ အောင်ချက်အကောင်းဆုံး ဖြစ်ခဲ့တာပါ။

ဒါ့အပြင် မန္တလေးတိုင်းက ဝင်ရောက်ဖြေဆိုသူ ၃၃,၅၄၈ ယောက်မှာ အောင်မြင်သူ ၁၆,၇၄၇ ‌‌ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၄၉ ဒသမ ၉၂ ရာခိုင်နှုန်းနဲ့ တတိယအောင်ချက်အကောင်းဆုံး ရရှိခဲ့တာပါ။

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မှာတော့ ဝင်ရောက်ဖြေဆိုသူ ၂,၂၅၉ ယောက်မှာ အောင်မြင်သူ ၆၀၅ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၂၆ ဒသမ ၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက်အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

နိုင်ငံအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ ၂၈၁,၇၅၁ ယောက်မှာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းထိ စံချိန်တင် အောင်ချက်ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၉၁၀,၂၂၉ ယောက်မှာ အောင်မြင်သူ ၂၉၁,၇၈၉ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ အောင်ချက် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့  ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော်သာ စာရင်းပေးခဲ့ကာ ဒီအထဲက ၂၈၀,၀၀၀ ကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲကို စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့ ကျောင်းသူကျောင်းသား သိန်းချီက ဝင်မဖြေဘဲ သပိတ်မှောက်ထားကြပြီး စစ်ကောင်စီရဲ့ ပညာရေးလုပ်ဆောင်မှုတွေ အားလုံးကို အသိအမှတ်မပြုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြေညာထားပါတယ်။

စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့် ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013