DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ရက် ၅၀၀ ပြည့်လာ၊ စစ်ကောင်စီနှင့်ပတ်သက်သမျှ သတင်းပေးပို့ကြရန် NUG ဖိတ်ခေါ်
DVB
·
June 15, 2022
နွေဦးတော်လှန်ရေး ရက် ၅၀၀ ပြည့်လာ၊ စစ်ကောင်စီနှင့်ပတ်သက်သမျှ သတင်းပေးပို့ကြရန် NUG ဖိတ်ခေါ်
Donate to DVB

စစ်ကောင်စီအရှိုက်ကို ထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ရရှိရေးဟာ အထူးအရေးပါအရာရောက်တာမို့ စစ်ကောင်စီနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို ပို့ဆောင်ပြီး သတင်းတပ်သားအဖြစ် ပါဝင်ဆောင်ရွက်ပေးကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်နေပါတယ်။

လတ်တလောမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ရက်ပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ အတိုင်းအတာတခုထိ ခရီးပေါက်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါကြောင့်မို့ လာမယ့်ကာလတွေဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမယ့်ကာလတွေ ဖြစ်လာမှာမို့ စစ်ကောင်စီနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေ ရသမျှပေးပို့နိုင်တဲ့ သတင်းတပ်သားတွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားတာပါ။

သတင်းတပ်သားတွေအဖြစ် ပေးပို့နိုင်မယ့် သတင်းအချက်အလက်တွေထဲမှာတော့ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ ထောက်တိုင်တွေရဲ့ လှုပ်ရှားမှုနဲ့ ကိုယ်ရေးအချက်အလက်တွေ၊ စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ၊ စစ်ယာဉ်တန်းရွေ့လျားမှုတွေနဲ့ တပ်တည်တပ်လှုပ်တွေ၊ ဒေသတွင်း အရေးကြီးဖြစ်စဉ်တွေ စသဖြင့် ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး တိုင်းနဲ့ ပြည်နယ်အနှံ့ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိအချိန်ထိ နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၂၅၇ ခုနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပါဝင်နေတဲ့ Local PDF အဖွဲ့ ၅၀၀ လောက်အထိ ရှိလာပြီဖြစ်ကာ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ကြဖို့ ပြောထားပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်း ဝင်းခိုင်သန်းက ပြောထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး မေ ၇ ရက်ကနေ ဇွန် ၆ ရက်အထိ တလတာကာလအတွင်း စစ်ကောင်စီဘက်က အယောက် ၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

သတင်းပေးပို့နိုင်သည့် တယ်လီဂရမ်နှင့် အီးမေးလ်လိပ်စာလင့်ခ်-

Telegram - info2mod
Email - [email protected]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013