DVB Logo
Home
မြန်မာသတင်း
တွံတေးတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသဖြင့် ကယ်ရီသမားများ အခက်ကြုံ
DVB
·
June 13, 2022
တွံတေးတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသဖြင့် ကယ်ရီသမားများ အခက်ကြုံ
Donate to DVB

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်တဲ့အတွက် ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကြောင်းပြု နေရသူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြပါတယ်။

တွံတေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနှင်းခွင့်ကို ဇွန် ၁၀ ရက်နေ့ကစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲတာ၊ ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ဆိုင်ကယ် ကယ်ရီသမားတဦးက “ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့ လိုက်ကြေညာတယ်။ ဆိုင်ကယ်စီးနင်းခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဇွန် ၉ ရက် ညပိုင်းက ကြေညာတယ်။ ကျနော်တို့က ဆိုင်ကယ် ကယ်ရီဆွဲပြီး စားဝတ်နေရေးဖြေရှင်းနေရတာ။ ဒီလောက် လူတွေ ဒုက္ခရောက်နေတာ။ ဆိုင်ကယ် မစီးရဘူးဆိုတော့ ဘာလုပ်စားရမှန်းတောင် မသိဘူး” လို့ ပြောပါတယ်။

တွံတေးမြို့နယ်မှာ ကျေးရွာများစွာရှိပြီး ကားလမ်းမပေါက်တဲ့ ကျေးရွာတွေကို သွားလာရာမှာ ဆိုင်ကယ်နဲ့သွားသူတွေများပြီး ဆိုင်ကယ်မစီးရ အမိန့်ကြောင့် များစွာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကားလမ်းဘေးက ကျေးရွာတွေကိုသာ လိုင်းကားစီးသွားလို့ရတာ။ ကားလမ်းမပေါက်တဲ့ ရွာတွေကတော့ ဆိုင်ကယ်နဲ့ပဲ ပစ္စည်းသယ် ရတယ်၊ ခရီးသယ် တင်ရတယ်။ ခု ဆိုင်ကယ်မစီးရ အမိန့်ကြောင့် ပစ္စည်းသယ်တာက အစ အတော်ဒုက္ခရောက်တယ်။ ဘာကြောင့်များ ဆိုင်ကယ်မစီးရ အမိန့်ထုတ်လည်း မသိပါဘူး။

တွံတေးမြို့ဟာ မြို့ပြ လူနေမှုပုံစံ မဟုတ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ တနေရာမှတနေရာဆီ သွားလာရာမှာ ဆိုင်ကယ်ကို အသုံးပြုနေကြတာပါ။ ဒါကို အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးက “ဆိုင်ကယ် စီးနင်းခွင့် ပိတ်လိုက်တော့ ကျနော်တို့ ကယ်ရီဆွဲနေတဲ့ သူတွေအကုန်လုံး ငတ်ပြီလေ။ ကျနော်တို့က တနေ့လုပ်မှ တနေ့ စားရတာ။ စျေးသည်တွေလည်း အဲ့ဒီ့ဒဏ် ခံနေပါတယ်။ သူတို့ဆိုရင်လည်း မြို့ထဲက ပစ္စည်းလေး ဘာလေး သွားဝယ်၊ ပြီးရင် ဒီမှာ ပြန်ရောင်းတာပေါ့။ အခု ဆိုင်ကယ် မသုံးရလို့ သူတို့လည်း တော်တော်လေး ဒုက္ခရောက်နေကြတယ်။ ပြီးတော့ လမ်းဘေးမှာ စက်သုံးဆီရောင်းတဲ့ သူတွေကိုပါ လိုက်ဖမ်းတာ။ ရွာမှာ ဆို်င်ကယ်သုံးမရလို့ စက်လှေနဲ့သွားကြတဲ့ သူတွေရှိတယ်။ စက်လှေနဲ့သွားဖို့ကလည်း စက်သုံးဆီလိုတယ်လေ။ အဲ့ဒီ့အတွက် စက်သုံးဆီဝယ်တာတွေ့ရင် ဖမ်းတယ်။ ဘာလုပ်တာလဲ မသိဘူး။ အခု အကုန်လုံး ဒုက္ခရောက်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေတွေက လမ်းပေါ်မှာ တွေ့တဲ့ ဆိုင်ကယ်တွေကို လိုက်လံ ဖမ်းဆီးခွင့်ရရှိထားတဲ့အပြင် ပစ်မိန့်ပါ ရရှိထားတာကြောင့် ဒေသခံလူထုရဲ့ အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်မှုက ရှိနေပါတယ်။

ဒေသခံပြည်သူတဦးကလည်း “ဆိုင်ကယ်စီးတာ တွေ့လို့ရှိရင် ဖမ်းတာပေါ့။ ဖမ်းတာမှ ဘာပြောကောင်းမလဲ။ တနေ့က ဆိုရင် အမူးသမား သုံးယောက်က ဟေ့ ဒို့က ဘယ်သူ့ကိုမှ မဟုတ်တာ မလုပ်ဘူးဆိုပြီး ဆိုင်ကယ်ပေါ်ကနေ အော်ပြောပြီး ထွက်သွားတာ။ ဟိုလည်းရောက်ရော အဖမ်းခံရကော။ တယောက် ပစ်သတ်ခံလိုက်ရတယ်။ မရပ်လို့လား မသိဘူး။ သူတို့မှာ ပစ်မိန့်ပါ ပါတယ်လေ။ တခါ ဆိုင်ကယ်နဲ့ ကျောင်းသွားတတ်တဲ့ ညီအစ်ကို နှစ်ယောက်၊ တယောက်က မသန်စွမ်းလေးလား မသိဘူး။ အဲ့ဒါ သူတို့နဲ့လည်း တွေ့ရော ဆိုင်ကယ်ကို သိမ်း၊ ကလေးတွေကို ရိုက်တော့တာဘဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တွံတေးမြို့မှာ ဆိုင်ကယ်စီးနင်းခွင့်ကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် စက်ဘီး စျေးနှုန်းနဲ့အတူ တုပ်တုပ်စီးနင်းခ နှုန်းထားတွေလည်း အရင်ကထက် စျေးမြင့်တက်သွားတယ်လို့ အိမ်ရှင်မတဦးက ဆိုပါတယ်။

“ဒီမှာက လမ်းလျှောက်ပြီး သွားဖို့ဆိုတာက တနေရာနဲ့တနေရာ  အဝေးကြီးလေ။ အခုဆိုရင် စက်ဘီးတောင် စျေးတွေ တက်ကုန်ပြီ။ စက်ဘီးက ပထမပြောတုန်းက တသိန်းလေးသောင်းတဲ့။ အခုဝယ်မလို့လုပ်တော့ တသိန်း ခုနှစ်သောင်းတဲ့။ အဲ့တော့ တုပ်တုပ်လေးတွေနဲ့ သွားရင်တော့ ရတယ်။ သူက စင်းလုံးပြတ် ငှားရတာ။ အရင် လေးထောင် ပေးရတဲ့ ခရီးက အခု စက်သုံးဆီ စျေးတက်တော့ ငါးထောင် ပေးရတယ်။ အဲ့တော့ မဖြစ်မနေ သွားရမယ့်သူတွေကတော့ အဲ့ဒါလေးတွေနဲ့ သွားနေရတယ်။”

ပြီးခဲ့တဲ့ လပိုင်းကလည်း  စစ်ကောင်စီက ဆိုင်ကယ်ကို မရှိမဖြစ် အသုံးပြုနေရတဲ့ ခရမ်း၊ သုံးခွ၊ သန်လျင်နဲ့ ဒလမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ယခုအခါ  တွံတေးမြို့နယ်ကိုပါ ထပ်တိုးသတ်မှတ်လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013