DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေစျေး ထပ်မံမြင့်တက်လာပြီး အရောင်းအဝယ်အေးနေ
DVB
·
June 11, 2022
ပြည်တွင်းရွှေစျေး ထပ်မံမြင့်တက်လာပြီး အရောင်းအဝယ်အေးနေ
Donate to DVB

တစ်ကျပ်သားကို ကျပ်သိန်း ၂,ဝ၄၀,၀၀၀ အထက်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့တဲ့ ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ ဇွန် ၁၁ ရက် ဒီနေ့ ကျပ် ၂,၀၅၅,၀၀၀ စျေးတန်းကို ပြန်လည် မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၄၁ နဲ့ ၁၈၅၆ အကြားမှာရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်းကလည်း တစ်ကျပ်သားကိုကျပ် ၂,၀၄၀,၀၀၀ နဲ့ ၂,၀၅၀,၀၀၀ အကြားမှာအရောင်းအဝယ် ဖြစ်နေတာပါ။

ဒီနေ့ ကမ္ဘာ့ရွှေဈေးက ၁၈၇၁ ဒေါ်လာကို မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကလည်းကျပ်  ၂,၀၅၅,၅၀၀ ထိထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို  မြန်မာငွေ ၁၈၅၃ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကို တွက်ချက် အရောင်းအဝယ်ပြုလုပ်ဖို့ စစ်ကောင်စီက စီမံလာပြီးနောက် ပြည်တွင်းမှာ ရွှေမှောင်ခို စျေးကွက် ဖြစ်ပေါ်လာကာ တရားဝင်အရောင်းအဝယ်တွေလည်း အေးနေပါတယ်။

ရွှေကုန်သည်တစ်ဦးက "စျေးကွက်က ပျက်နေတုန်းပဲ။ စောင့်ကြည့်နေတာဆိုတော့ များများလည်း မဝယ်ရဲကြဘူး။ တလောကလည်း ရွှေပွဲစားတွေ အဖမ်းခံရတယ်လေ" လို့ ပြောပါတယ်။

YGEA သတ်မှတ်တဲ့စျေးနှုန်းကို ၅၀၀၀ ကျပ်ပေါင်းထည့်ပြီး ရွှေစျေးနှုန်းသတ်မှတ် အရောင်းအ၀ယ် ပြုလုပ်ဖို့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေကို ညွှန်ကြားထားပေမဲ့လည်း မြေပြင်စျေးကွက်မှာ လက်ရှိအချိန်ထိ YGEA ရဲ့သတ်မှတ်စျေးနဲ့  ရောင်းချနိုင်ခြင်းမရှိဘူးလို့  ရွှေကုန်သည်တွေထံက သိရပါတယ်။

ရွှေကုန်သည်တစ်ဦးက "သတ်မှတ်စျေးတော့ မြင့်လာတယ်။ ဒါပေမဲ့ အဲစျေးနဲ့တော့ အရောင်းအဝယ် မလုပ်နိုင်ကြသေးဘူး။ အနည်းဆုံး တစ်သောင်းလောက်တော့ ကွာတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ရွှေမှောင်ခိုစျေးကွက်ပပျောက်ပြီး ရွှေစျေးနှုန်းတည်ငြိမ်စေဖို့အတွက်ဆိုကာ ရွှေဆိုင်နဲ့ရွှေကုန်သည်တွေကို စောင့်ကြည့်ပြီး ခေါ်ယူစစ်ဆေးခဲ့သလို မကြာသေးခင်ကလည်း ရွေမှောင်ခိုစျေးကွက်ပပျောက်ဖို့အတွက် ဆိုကာ ရွှေဆိုင်နဲ့ရွှေကုန်သည်တွေ၊ မီးလင်း အတုံးအခဲ အရောင်းအ၀ယ် ပြုလုပ်သူတွေကို  လိုင်စင်ပြုလုပ်ဖို့အပါအဝင် ရွှေကုန်သည်တွေလိုက်နာရမယ့် စည်းကမ်း ၇ ချက်ကို  ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်ပြည်တွင်းမှာ ရွှေစျေးနှုန်းတည်ငြိမ်ဖို့နဲ့ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းသွားဖို့ကိုလည်း စီမံနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး အမြင့်ပိုင်းမှာရှိနေတဲ့အပြင် ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းပါက ဒေါ်လာလိုအပ်ချက် ပိုများလာနိုင်ပြီး ပြည်တွင်း ဒေါ်လာငွေလဲနှုန်းအပေါ်လည်း ထပ်မံ သက်ရောက်လာနိုင်တာကြောင့် တင်သွင်းဖို့ မလွယ်ကူနိုင်ဘူးလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီကတော့  ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့  ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့  ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ အမြင့်စျေးမှာပဲ ဆက်ရှိနေတာပါ။

မြန်မာနိုင်ငံမှာစစ်တပ်အာဏာ မသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အာဏာသိမ်းပြီး ၁၅ လကျော်အကြာမှာတော့  ကျပ်သိန်း ၂,၀၅၀,၀၀၀ အထက်ထိ စံချိန်တင် မြင့်တက်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013