DVB Logo
Home
မြန်မာသတင်း
တပိုင်တနိုင် မီးပုံးလုပ်ငန်းများ အရောင်းအဝယ်အေး
DVB
·
October 12, 2024
တပိုင်တနိုင် မီးပုံးလုပ်ငန်းများ အရောင်းအဝယ်အေး
Donate to DVB

သီတင်းကျွတ်နီးကပ်လာပြီဖြစ်ပေမဲ့ မြန်မာပြည်တွင်းဈေးကွက်မှာ မီးပုံး၊ ကစားစရာအရုပ်တွေရဲ့ အရောင်းအဝယ်တွေ မကောင်းဘူးလို့ တပိုင်တနိုင် မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အခုလ ၁၇ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပေမဲ့ မြန်မာ့ရိုးရာ မီးပုံးတွေနဲ့ မီးထွန်းဆော့ကစားရတဲ့ အရုပ်လုပ်ငန်းတွေဟာ အရောင်းအဝယ်အေးနေပြီး တရုတ်နိုင်ငံကဝင်တဲ့ မီးပုံးတွေနဲ့ပစ္စည်းတွေသာ အရောင်းလိုက်နေတာကြောင့် အခုနှစ်မှာ တပိုင်တနိုင် မီးပုံးလုပ်သူတွေအနေနဲ့ အရှုံးပေါ်မှာ စိုးရိမ်နေကြရတယ်လို့ မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်က မီးပုံးလုပ်ငန်းလုပ်ကိုင်သူတယောက်က “ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ရှိပြီ အရောင်းအဝယ်မကောင်းတာ။ အခုထိလည်း မီးပုံးတို့ လက်တွန်းလှည်း အရုပ်တို့ဆိုတာ တနေကုန်လိုက်ရောင်းတာတောင် ၁၀ ခုအထက် ပိုမရောင်းရဘူး။ ဈေးဝယ်စင်တာတို့ စတိုးဆိုင်တို့ဆိုတာက တရုတ်ကဝင်တဲ့ ပစ္စည်းတွေတင်ကြတာ။ မြန်မာ့ရိုးရာမီးပုံးတွေ၊ အရုပ်တွေဆိုတာက ကုန်ဈေးနှုန်းကြီးလာတော့ ဟိုးအရင်က အရောင်းလိုက်တုန်းကလို မလုပ်နိုင်ကြတော့ဘူး။ တပိုင်တနိုင်ပဲ လုပ်နိုင်ကြတော့တယ်” လို့ ပြောပါတယ်။

မြန်မာ့ရိုးရာ မီးပုံးတွေဟာ အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိရှိကြောင်း၊ အရုပ်နဲ့ပတ်သက်တဲ့ ကစားစရာတွေဟာ အနိမ့်ဆုံး ကျပ် ၂၅၀၀ ကနေစတယ်လို့ သိရှိရပြီး ယခင်က ကျပ်သောင်းဂဏန်းအထိရှိတဲ့ အရုပ်တွေထုတ်လုပ်ခဲ့ပေမဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်ကြမ်းရှားလာတာတွေကြောင့် ကျပ် ၂၅၀၀ တန် ကစားစရာတွေကိုသာ အများဆုံးထုတ်လုပ်တော့တယ်လို့ သိရပါတယ်။

မီးပုံးနဲ့ ကလေးကစားစရာ လက်တွန်းတွေ လိုက်လံရောင်းချသူတယောက်က  “မြန်မာ့ရိုးရာမီးပုံးမှာကျတော့ အဓိကပစ္စည်းက ဝါးယားပေါ့။ သီတင်းကျွတ်မရောက်ခင် ၂ လလောက် အလိုကတည်းက ကြိုမှာ၊ ကြိုစုထားရတာ။ အရောင်းအေးလည်း ဘာလို့ဆက်လုပ်လည်းဆိုတော့ မိဘလုပ်ငုပ်လက်ရင်းလုပ်ငန်းဆိုတော့ ဒီလုပ်ငန်းလေးမပျောက်သွားအောင် ထိန်းသိမ်းတဲ့သဘောပါ။ အမြတ်အစွန်းကျန်လားဆိုတော့ မကျန်ဘူး။ တနှစ်ထက်တနှစ် ပိုဆိုးလာတယ်။ တချို့တပိုင်တနိုင်လုပ်တဲ့သူတွေဆိုရင် ဆက်မလုပ်နိုင်ကြတော့ဘူး”လို့ ပြောပါတယ်။

မြန်မာရိုးရာမီးပုံးလုပ်ငန်းတွေဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဈေးကွက်ကြောင့်လည်း ရုန်းကန်နေကြရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ဈေးကွက်အတွင်းက အော်ဒါရရှိတာ ခက်ခဲမှုတွေကြောင့် အရောင်းအဝယ်မကောင်းကြဘူးလို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တနှစ်ထက်တနှစ် ကလေးတွေနဲ့ လူအများစိတ်ဝင်စားစေမယ့် မီးပုံး၊ အရုပ်တွေကို ဆန်းသစ်တီထွင်ကာ လုပ်ကိုင်နေကြရတယ်လို့ မီးပုံးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013