DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ ရဲစခန်းများတွင် ဘန်ကာများဆောက်လုပ်ပြီး ဆူးချွန်၊ ဝါးချွန်များ ကာရံထား
DVB
·
June 9, 2022
ဧရာဝတီတိုင်းရှိ ရဲစခန်းများတွင် ဘန်ကာများဆောက်လုပ်ပြီး ဆူးချွန်၊ ဝါးချွန်များ ကာရံထား
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတွေ တိုက်ခိုက်ခံရတာများလာတဲ့အလျောက်  ဧရာဝတီတိုင်းက ရဲစခန်းတွေမှာတော့ ဘန်ကာအသစ်တွေ ဆောက်လုပ်ပြီး ရဲစခန်းပတ်ပတ်လည်မှာ ဆူးချွန်တွေနဲ့ကာရံထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းတွေကို ဝါးချွန်တွေနဲ့ ခြံစည်းရိုးပုံစံကာရံနေတာဟာ ဧရာဝတီ တတိုင်းလုံးမှာလိုဖြစ်နေပြီး ရေကြည်၊ ကျောင်းကုန်းနဲ့ မြောင်းမြမြို့နယ်ထဲက အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကိုတော့ မြို့ပေါ်မှာရှိတဲ့ အင်အားများတဲ့ မြို့မရဲစခန်းတွေကို ပြောင်းရွှေ့ထားတယ်လို့  ရဲအသိုင်းအဝန်းကနေ သိရပါတယ်။

မြောင်းမြမြို့နယ်ထဲက မြို့မရဲစခန်းတစ်ခုမှာလည်း မေလထဲမှာ ဘန်ကာအသစ်တစ်ခုပြုလုပ်ပြီး ခြံစည်းရိုးကို ဝါးချွန်တွေနဲ့ ပတ်ပတ်လည်ကာရံတာတွေကို တွေ့ရတယ်လို့ မြောင်းမြမြို့ခံတဦးက ပြောပါတယ်။ 

“မေလထဲမှာတင် ဘန်ကာအသစ်ဆောက်တယ်ကြားတယ်။ ပြီးတော့ ဝါးချွန်တွေနဲ့ ခြံစည်းရိုးကာတာတွေလည်း ရှိတယ်။ ဒီဘက်မှာတော့ ရဲစခန်းတွေ အတိုက်ခံရတာမရှိသေးပေမယ့် ကြိုတင်ပြင်ဆင်တာမျိုး လုပ်တာနေတယ်။ တိုက်နယ်ဘက်စခန်းက ရဲတွေကိုလည်း  မြို့ပေါ်ပြောင်းထားတယ်။”

ခုလိုရဲစခန်းတွေမှာ ကတုတ်ကျင်းတွေ တူးတာကို အရင်က ရခိုင်ပြည်နယ်ထဲက နယ်ခြားစောင့်ရဲစခန်းတွေမှာသာလုပ်လေ့ရှိပြီး အခုတော့ တခြားဒေသတွေက မြို့ပေါ်ရဲစခန်းတွေမှာပါ စတင်ပြုလုပ်လာတာလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြို့တွေမှာတော့ ခုမှစလုပ်ကြတာပေါ့။ နယ်ခြားစောင့်မှာတော့ စခန်းတိုင်းလိုလိုမှာရှိပါတယ်။ အင်အားနည်းတဲ့ စခန်းတွေပေါင်းတာတော့ အလစ်ဝင်တိုက်တာခံရမှာစိုးလို့ ဖြစ်နိုင်တယ်။”

ရဲတပ်ဖွဲ့က အုတ်ခြံစည်းရိုးပတ်ပတ်လည် ဝါးချွန်တွေနဲ့ကာရံပြီး နေထိုင်နေရတာကြောင့်  မြို့ပေါ်မှာ ဘာဖြစ်တော့မလဲဆိုပြီး ပြည်သူတွေက စိုးရိမ်နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

မအူပင်မြို့နယ်ထဲက မြို့မရဲစခန်းကိုလည်း အပြင်ကနေလှမ်းကြည့်ရင် ရဲစခန်းလို့ မထင်ရအောင် လမ်းတွေကို ပိတ်ဆို့ထားပြီး ဝါးချွန်တွေနဲ့ ခြံစည်းရိုးပတ်ပတ်လည်မှာ ကာရံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းကို စစ်မြေပြင်စခန်းပုံစံမျိုး ပတ်ပတ်လည်ကာရံထားပြီး ဝင်ပေါက်လမ်းတစ်ခုသာ ဖွင့်လှစ်ထားတာကြောင့် အပြင်ကလှမ်းကြည့်မယ်ဆိုရင် ခေါင်းမိုးပဲမြင်ရတော့တယ်လို့ မအူပင်မြို့ခံတဦးက ပြောပါတယ်။ 

“အရင်က ရဲစခန်းဆို အဝေးကလှမ်းကြည့်တာနဲ့ မြင်ရတယ်။ သူဘာသူ သပ်သပ်ရပ်ရပ်ပေါ့။ ခုက လှမ်းကြည့်လိုက်ရင် အမိုးပဲမြင်ရတယ်။ စိုက်ခြံလိုလို စာကလေးအိမ်လိုဖြစ်နေတာ။ သူတို့က ပြည်သူကို ကာကွယ်ပေးရမယ့်သူတွေ။ သူတို့ကိုယ်တိုင်အဲ့လိုတွေဖြစ်နေတော့။ ပြည်သူတွေက ဘာဖြစ်မလဲ စိုးရိမ်နေကြရတာပေါ့”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း မနှစ်က ပုသိမ်၊ ဝါးခယ်မ၊ ဇလွန်၊ မြန်အောင် စတဲ့မြို့နယ်တွေက ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက လက်ပစ်ဗုံး၊ မီးပုလင်းတွေအပါဝင် သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ခုလိုမျိုး ရဲစခန်းတွေမှာ ခံစစ်ပုံစံမျိုးတွေ ပြင်ဆင်လာတာဟာ ရှေ့တန်းစစ်မြေပြင်စခန်းမှာလို မဆုတ်တမ်း ခံစစ်စခန်းတွေမှာ လုပ်လေ့လုပ်ထရှိကာ သတင်းကြိုရထားတာမျိုးနဲ့ အလစ်ဝင်တိုက်ခံရမှာစိုးတာကြောင့် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ စစ်တပ်မှာ နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထောင်းဟောင်းတယောက်က သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013