DVB Logo
Home
မြန်မာသတင်း
“ပြည်သူ့ရဲတပ်ဖွဲ့” ဖွဲ့စည်းကြောင်း NUG ကြေညာ
DVB
·
June 7, 2022
“ပြည်သူ့ရဲတပ်ဖွဲ့” ဖွဲ့စည်းကြောင်း NUG ကြေညာ
Donate to DVB

စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၇ ရက် ဒီမနက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူတရပ်လုံး ယုံကြည်လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်ပြီး ပြည်သူလူထုအတွက် တရားဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့ “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နဲ့ အညီ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့  နိုင်ငံတော်ယာယီသမ္မတ  ဒူဝါလရှီးလ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ဖို့၊ ဒုစရိုက်မှုတွေနဲ့ တရားဥပဒေမဲ့ ပြုကျင့်သူတွေကို ပြည်သူလူထုနဲ့ ပူးပေါင်း တားဆီးဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့လည်းဆိုပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့ကို ဘယ်သူ ဦးဆောင်ပြီး အင်အားဘယ်လောက်နဲ့ ဖွဲ့စည်းတယ်၊ အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဘယ်မှာတာဝန်စပြီး ထမ်းဆောင်မယ် ဆိုတာကိုတော့  အသေးစိတ် မသိရသေးပါဘူး။

ကရင်နဲ့ ကရင်နီ(ကယား) ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့မှာ  ဒေသအလိုက် ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နေတာရှိသလို အာဏာဖီဆန်ထွက်ပြေးလာကြတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေ အများအပြားလည်း လွတ်မြောက်နယ်မြေတွေမှာ ရောက်ရှိနေကြတာရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခိုလှုံလာစေဖို့ ဆွဲဆောင်စည်းရုံး လုပ်ကိုင်နေပြီး၊ ပြည်သူဘက် ရပ်တည်လာတဲ့ သူရဲ‌ကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပြည်သူ့ရင်ခွင်နဲ့ တခြားလူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ လူမှုရေးအထောက်အပံ့တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

တကယ်လို့ ပြည်သူ့ရင်ခွင်ကို မခိုလှုံဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင်တော့ ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေတယ်လို့ မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလ ဖြစ်ဖြစ် တစ်ဦး တစ်ယောက်မျှ လွတ်မြောက်မှုမရှိစေဘဲ၊ တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူခံရမှာ ဖြစ်ကြောင်းလည်း  NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို လည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးကာ ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးမှုနဲ့ လောင်းကစားမှုတွေလည်း နိုင်ငံတဝန်း တိုးပွားလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013