DVB Logo
Home
မြန်မာသတင်း
သာယာ၀တီထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ လူ့ခွင့်အရေးချိုးဖောက်ခံနေရ
DVB
·
June 5, 2022
သာယာ၀တီထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ လူ့ခွင့်အရေးချိုးဖောက်ခံနေရ
Donate to DVB

သာယာ၀တီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ခြိမ်းခြောက်တာ၊ ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်ခိုင်းစေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်နေတဲ့အကြောင်း ဒီဗွီဘီကရရှိထားတဲ့ အကျဉ်းသားတွေဆီက စာအရ သိရပါတယ်။ 

သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့  စာတစောင် ဒီဗွီဘီသတင်းဌာနကို ရောက်ရှိလာတာဖြစ်ပြီး စာထဲမှာတော့ ထောင်တွင်းခြင်တွေကိုက်တာကြောင့်အိပ်မရကြောင်း နိုင်ငံရေးအကျဉ်းသားတွေက ထောင်ဦးစီးအရာရှိ ဦးရဲဝင်းဆီ တင်ပြကြရာ၊ ထောင်အရာရှိက မင်းတို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်လက်စွဲ ဥပဒေ ၃၁၇ အရ သတ်ပြစ်လို့ရတယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးဆိုတာ (-) ဂရုစိုက်စရာမလိုဘူးလို့ တန်းစီးတွေဖြစ်တဲ့ ပြူးကြီး(ခ)မ မင်းနိုင်ဦး(မန္တလေးထောင်ပြောင်း)နဲ့ တန်းစီးထွန်းနိုင်တို့ကပါ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒီနောက် နိုင်ငံရေးအကျဉ်းသားတွေကို နေရောညပါ ပုံစံမောင်းတာ၊ ရိုက်နှက်နှိပ်စက်တာ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း စာအရသိရပါတယ်။

အခုစာနဲ့ပတ်သတ်ပြီး မကြာသေးခင်ကမှ သာယာ၀တီထောင်မှ ပြန်လွတ်လာသူတဦးက ''ညဘက်ကိုခြင်က အရမ်းကိုက်တာ။ ခြင်ထောင်လည်းထောင်မရဘူး၊ အဲ့ဒီတော့  ညပိုင်းဆိုရင်တညလုံး ဘယ်သူမှ အိပ်လို့မရကြပါဘူး၊အဲ့ဒီတော့မနက်ကို တန်းမစီနိုင်တော့လို့ တင်ပြရာကနေဖြစ်တာ၊ အဲ့လိုတင်ပြလို့ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိန်းဂျေးထောင်မှူးက ထုတ်ပြီး ၊ တန်းစီးတွေထံအပ်ပြီး ပုံစံမောင်းတယ် ပါးရိုက်တာ လုပ်တာ၊ ပါးရိုက်တာက ပြူးကြီးနဲ့ တန်းစီးထွန်းနိုင်တို့ကလုပ်တာ” လို့ ပြောပါတယ်။ 

သာယာ၀တီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကိုဗစ်စည်းကမ်းအရဆိုပြီး စစ်အာဏာသိမ်းပြီးကတည်းက ထောင်၀င်စာ တွေ့ခွင့်မပေးပဲ ပါဆယ်ပဲပို့ခွင့်ရတယ်လို့သိရတယ်။

ပါဆယ်ပို့ရာမှာလည်း မနက်ခင်းကပို့တဲ့ အစားအသောက်တွေက ညနေပိုင်းကျမှ ကာယကံရှင်တွေထံရောက်ပြီး ဟင်းတွေသိုးနေလို့ လွင့်ပစ်ရတာ၊ ဟင်းတွေ၊ အစားအသောက်တွေ နိုက်ယူထားတာတာ၊ ပါဆယ်မှာ အကျဉ်းသားတွေရဲ့  နာမည်တွေ  ရေးတဲ့အခါမှာ ဦး၊ဒေါ်၊ကို တပ်ရေးတဲ့အခါ ပါဆယ်လာပို့တဲ့ မိသားစုတွေ  မိုက်ရိုင်းစွာဆက်ဆံတာခံရတယ်လို့ အကျဉ်းသား တယောက်ရဲ့ မိခင်တယောက်က ပြောပါတယ်။ 

သာယာဝတီထောင်ထဲက အကျဉ်းသားတွေအတွက် မိသားစုကပေးတဲ့ ငွေတွေလည်းမကြာခဏ ပျောက်ဆုံးတာရှိတယ်လို့  ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တဦးက ပြောပါတယ်။ 

“အကျဉ်းသားတွေက ငွေကိုလက်မှာကိုင်လို့မရဘူး။ အိမ်ကလာပြီးထောင်မှာ နာမည်နဲ့  ထောင်နံပတ်ကိုပြောပြီး အပ်ခဲ့ရတာ။ အဲ့ဒီငွေနဲ့ ဈေးမှာရင်လည်း အပြင်ဈေးထက် ၃ ဆ၊၄ ဆလောက်ဈေးကြီးတယ်။ ဈေးဝယ်စာရင်း၊ အပ်ငွေစာရင်းတွေကို  ရိုးရိုးထောင်ကျ အကျဉ်းသားတွေက ကိုင်ရတယ်။ ခဏခဏ ငွေစာရင်းက အမြဲကွာနေတာ ဘာမှဝယ်မစားပဲနဲ့ ငွေကအလိုလိုကုန်နေတာ၊ ဘာမှမသုံးရပဲကို ပျောက်ပျောက်နေတာ၊  ဘယ်သူ့ကိုမှလည်း တင်ပြလို့မရဘူး”လို့ ပြောပါတယ်။

သာယာ၀တီထောင်မှာ နိုင်ငံရေးအကျဉ်းသား  ၃၀၀ ကနေ ၄၀၀ ကြားလောက်အထိရှိပြီး သူတို့ကို နဂိုရှိပြီးသား တိုက်တချို့နဲ့ တိုက်သစ်တွေမှာ သီးခြားထားထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီခန့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အကျဉ်းထောင်တွေကို သွားရောက်ပြီး စစ်ဆေးတာရှိခဲ့ပေမဲ့ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက် ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013