DVB Logo
Home
Lead Story
တောက်တဲ့ စစ်ဆင်ရေး (သရော်စာ)
DVB
·
June 5, 2022
တောက်တဲ့ စစ်ဆင်ရေး (သရော်စာ)
Donate to DVB

အဘစောမူးသာတို့အိမ်က နေ့လယ် ထမင်းလာစားဖို့ ခေါ်တာနဲ့ ထွက်ခဲ့တာ၊ ဟိုရောက်တော့ လူစုံနေပြီခင်ဗျ။ အဘရစ်ချတ်ရယ် အဘထွန်းခင်ရယ် အဘလုံးတုံးရယ် ရောက်နေကြပါပြီ။

"လာဟေ့ ဖေကြီး . . စောင့်နေကြတာဟ၊ မောင်ရင်လာမှ စားကြမလို့"

"'စောင့်စား' နေကြတယ် ဆိုပါတော့"

"ဟားဟား ဟားဟား ဟားဟား . . ."

စားပွဲဝိုင်းထိုင်ပြီး ကြွေဇလုံကြီးထဲ ကြည့်လိုက်တော့ . . အားပါးပါး . . ဝက်လက်တွေကို အရည်လေးစပ်စပ်နဲ့ ဆီပြန် ရေကျန် ချက်ထားတာကိုး။ မြို့ပေါ်က စားနေကျ ဝက်ခြေထောက်စွပ်ပြုတ်ဆိုင်ကို သတိရမိသွားတယ်။ မစားရတာ တနှစ်ကျော်ပြီလေ။

"ဖေကြီး ထည့်စားလေဟာ . . ဘာတွေများ စဉ်းစားနေတာလဲဟ"

"မြို့က ဝက်ခြေထောက်စွပ်ပြုတ်ဆိုင်ကို သတိရသွားလို့ပါ အဘစောမူးသာရေ"

"ဟားဟား ဟားဟား ဟားဟား . . . . မြို့ပြန်ပြီးတော့ စားရကာနီးပါပြီကွာ။ မူးသာလက်ရာက ဆိုင်ထက်သာတယ်ဆိုတာ သိတယ်မဟုတ်လား"

"သိပါတယ် အဘရစ်ချတ်ရယ် . . . အဘစောမူးသာ ဘာပဲချက်ချက် စားလို့ကောင်းတာတော့ အမှန်ပါပဲ"

"ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . ."

ဝက်လက်ကို နူးအိနေအောင် နှပ်ထားတာဆိုတော့ လျှာပေါ်တင်လိုက်တာနဲ့ ပျော်ကျသွားမတတ် အရသာရှိလိုက်တာဗျာ။ ထမင်းစားပြီးတော့ ရေနွေးကြမ်းငှဲ့နေရင်း အဘထွန်းခင်က 'ဝါးကနဲ ဝါးကနဲ' သန်းပါတယ်။

"အဘထွန်းခင် တဝါးဝါးနဲ့ 'သန်း' တောင်နေပါရောလား။ အိပ်ချင်နေပြီထင်တယ်"

"ငါ ညဘက် ညဘက်တွေ ဟိုတွေးသည်တွေးနဲ့ မျက်လုံးတွေကြောင်ပြီး တ‌မှေးမှ မှေးမရ အိပ်မရတာ ကြာပြီ ဖေကြီးရ"

"ဟားဟား ဟားဟား ဟားဟား . . . . ထွန်းခင်အဖြစ်က ဟို အမျိုးယုတ် ချိုကုတ်ဒူးကြီး မအလနဲ့ တူနေပါရောလား"

"ဟဲ့ကောင်မူးသာ . . . မအလက ဘယ်လိုတွေဖြစ်နေလို့လဲ ဟ"

"ဒီမှာလုံးတုံး . . . မအလလည်း ညည အိပ်မရတာကြာပြီတဲ့ဟ"

"မအလက ဘာဖြစ်လို့ အိပ်မရတာလဲ မူးသာ . . . သူအိပ်တဲ့နေရာမှာ တောက်တဲ့တွေအော်လို့ စိတ်တွေချောက်ချားပြီး အိပ်မရတာလားကွ . . . ဟ ဟ ဟ"

"အဲ . . . လုံးတုံး မင်းတခါက ပြောပြခဲ့ဘူးတဲ့ 'တောက်တဲ့' ဇာတ်လမ်းလေးတောင်မှ သတိရမိသကွာ"

"ဖေကြီး စာရေးရင် ရေးလို့ရမလားမသိဘူး၊ ပြန်ပြောပြလိုက်ပါအုံးကွ . . အာဟ"

သို့ဖြင့် မဟုတ်မခံ စစ်ပြန် လက်ဝှေ့ကျော် တပ်ကြပ်ကြီးလုံးတုံး၏ ကိုယ်တွေ့ဇာတ်လမ်းတခုကို နားဆင်ရတော့မည်ဖြစ်ပါ၏။ ဤဇာတ်လမ်းသည်လည်း ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြန်ပါတယ်တဲ့ ခင်ဗျ။

"ငါ ပြည်ကတပ်မှာ တာဝန်ကျတုန်းက တနှစ်မှာပေါ့ကွာ . . . ထုံးစံအတိုင်း ဦးနေဝင်းကြီး ရောက်လာပြီး ငါတို့တပ်က ဧည့်ဂေဟာမှာ တည်းတာပေါ့ကွ"

နေ့လယ်ဘက်မှာ ဥက္ကဋ္ဌကြီးက ဟိုသွား သည်သွား သွားပြီး ညဘက်ကျတော့ ဧည့်ဂေဟာမှာ 'နှပ်' ပါသတဲ့။ အဲသည် တောင်ဂမူကုန်းလေးပေါ်က သူ့အတွက် သီးသန့်ဆောက်ထားတဲ့ ဧည့်ဂေဟာရဲ့ဘေးမှာ ကုက္ကိုပင်ကြီးတွေရှိပြီး ဘားတိုက်လေးလည်း ရှိပါသတဲ့။ ရဲဘော်တွေက ညလုံးပေါက် အလှည့်ကျ ကင်းစောင့်ကြရတာပေါ့ တဲ့။

"အဲသည်ရက်မှာ မိုးလေးကလည်း တဖွဲဖွဲ ရွာနေတာပေါ့ ဖေကြီးရာ"

ဦးနေဝင်းကြီးကား အရသာရှိတာတွေ အာဟာရဖြစ်တာတွေ အဆီအဆိမ့်တွေ စည်ဦးထောပတ်တွေ စားသောက်ပြီး ညဘက်မှာ စိတ်အေးသက်သာစွာ နားနေမှေးစက်ပြီပေါ့တဲ့ ခင်ဗျာ။ သူ စက်ရာဝင်လို့ မကြာခင်မှာပဲ ဘားတိုက်ဘေး ကုက္ကိုပင်ပေါ်ကကော ဘားတိုက်ထိပ် ပျဉ်နံရံပေါ်ကပါ 'တောက်တဲ့' အော်သံတွေ ထွက်လာပါရောတဲ့။

"ငါလည်း ရုတ်တရက် လန့်သွားတာပေါ့ဟ။ အဲသည်အချိန်မှာပဲ ငါ့အထက်က တပ်ရင်းအရာခံဗိုလ် အာရက်ဆိုင် (RSM) ကြီး မျက်စိပျက် မျက်နှာပျက်နဲ့ အပြေးကလေး ရောက်လာပြီး 'ဟေ့ကောင်လုံးတုံး . . . သောက်ခွပဲဟ . . . ဘယ်လိုလုပ်ကြမလဲ' တဲ့"

"ဦးနေဝင်းကြီးက အဲသည်တောက်တဲ့သံကို ကြားလောက်လားအဘ"

"သူကြားတာ မကြားတာက တကိစ္စ။ ဟိုပုဂ္ဂိုလ်ကြီးကလည်း 'ဘုရင်တပါး' လိုမျိုး အနေအထား၊ အောက်ကကောင်တွေကလည်း ငယ်ကြောက်တွေဆိုတော့လည်း 'ပူ' တာပေါ့ကွာ"

"ဦးနေဝင်းကြီး အိပ်ရေးပျက်သွားမှာကို စိုးရိမ်စိတ်တွေ ပူပင်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ဝင်ကုန်ကြတာပေါ့ကွ၊ အဲသလို အနေအထားဟ"

သို့ဖြင့် 'တောက်တဲ့အော်ပရေးရှင်း' အတွက် အကြံထုတ်ကြပြီးသကာလ 'တပ်ကြပ်ကြီးလုံးတုံး' ကိုပဲ 'အထူးကွန်မင်ဒို' အဖြစ် ရွေးချယ်ခဲ့ကြပါသတဲ့။ သူကား အင်မတန်လက်ဖြောင့်သူ ဆိုသကိုး ခင်ဗျ။

"ငါ့ကို အသံတိတ်လက်နက် ပေးလိုက်ကြတယ်ကွ . . . ဟ ဟ ဟ"

"ပြောင်းတိုလား ပြောင်းရှည်လား အဘ"

"ဟားဟား ဟားဟား ဟားဟား . . . . . လောက်လေးခွတလက်နဲ့ လောက်စာလုံးဆယ်လုံးကွ"

တပ်ကြပ်ကြီးလုံးတုံးက ရှေ့တန်းမှာ လေးခွဖြင့် ငှက်ပစ်ပြီး ရှဉ့်ပစ်ပြီး ရဲဘော်တွေကို အသားဟင်း ရှာကျွေးနေကျ၊ လက်လည်းအတော်ဖြောင့်ပြီး အဘစောမူးသာနဲ့ ပြိုင်ဘက်ပါတဲ့။ အဲသည်ညက တောက်တဲ့ကြီးသုံးကောင် ဇီဝိန်အခြွေခံခဲ့ရပါသတဲ့။

"ဟားဟား ဟားဟား ဟားဟား . . . . . ဦးနေဝင်းကြီးက ဘာမှကြားမှာ ဘာမှသိမှာ မဟုတ်လောက်ဘူးနော် အဘ"

"အေးပေါ့ကွ . . . အောက်က ငါတို့လို 'ခိုင်းဖတ်တွေ' ကတော့ တသက်လုံးကို ဦးကျိုးပြီး ကြောက်ရွံ့ရိုသေလာခဲ့ကြရတာ။ မဆလခေတ်တလျှောက်လုံး အဲသလိုပါပဲ ဖေကြီးရာ"

လက်ဖြောင့်စစ်သည် စစ်ပြန်တပ်ကြပ်ကြီးလုံးတုံး၏ ဇာတ်လမ်းပြီးဆုံးသွားတော့ အဘစောမူးသာက ဆက်ပါလေ၏။

"အခုလည်း ချို ကုတ် ဒူးကြီး မအလ စက်တော်ခေါ်ရာ အဆောင်တော်ဝန်းကျင်မှာ ဘားတိုက်တွေ အထပ်ထပ်ရှိပြီး ရဲဘော်တွေလည်း တပ်ရင်းလိုက်ကို ကင်းစောင့်နေကြရမှာပဲဟ"

"မအလကြီး 'တောက်တဲ့သံ' ကြောင့် အိပ်မရမှာစိုးလို့လား လုံးတုံးရဲ့"

"'တောက်တဲ့သံ' ကြောင့်မဟုတ်ဘူး၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ 'ဗျောက်ဖဲ့သံ' တွေကြောင့် မအလတယောက် သွေးလေချောက်ချားပြီး အိပ်မရဘဲ လန့်လန့်နိုးနေတာ ကြာပြီတဲ့ကွ . . . . . အာဟ အာဟ အာဟ"

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013