DVB Logo
Home
မြန်မာသတင်း
မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ မေလအတွင်း ကန်ဒေါ်လာ ၃ သန်းခွဲကျော်ဖိုး ပို့ကုန်တင်ပို့
DVB
·
June 5, 2022
မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ မေလအတွင်း ကန်ဒေါ်လာ ၃ သန်းခွဲကျော်ဖိုး ပို့ကုန်တင်ပို့
Donate to DVB

မြန်မာနိုင်ငံကနေ  ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ကုန်တင်ပို့ရာမှာ ဧပြီလထက်  မေလမှာ  ပို့ကုန် အမေရိကန် ဒေါ်လာ ၇ သိန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

ရခိုင်ပြည်နယ် ကုန်သွယ်ရေးစခန်းနှစ်ခုဖြစ်တဲ့ စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ  ၂ ဒသမ ၈၆ သန်းဖိုး ကုန်သွယ်မှုနိုင်ခဲ့သော်လည်း မေလအတွင်း ကုန်သွယ်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆  သန်းဖိုး ကုန်သွယ်နိုင်ခဲ့တယ်လို့ ရခိုင်လုပ်ငန်းရှင်အသင်းက တရားဝင် ထုတ်ပြန်တဲ့ စာရင်းမှာဖော်ပြပါတယ်။

မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို  ရေထွက်ပစ္စည်းပို့ကုန် ဒေါ်လာ ၁ ဒသမ ၉ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး မေလ ကုန်သွယ်မှု ပမာဏရဲ့  ၅၅ ရာခိုင်နှုန်းတင်ပို့နိုင်ခဲ့ကာ  ငါးမြစ်ချင်း တင်ပို့မှုက တန်ချိန် ၁၅၀၀ ကျော်(ဒေါ်လာ ၁ ဒသမ ၈၁ သန်းဖိုး) ရှိတယ်လို့ စစ်တွေနယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းတွေအရ သိရပါတယ်။

ငါးမြစ်ချင်းငါးတွေတင်ပို့နေတဲ့ ကုန်သည်ကြီးတစ်ဦးက "ဧရာဝတီတိုင်းက အဓိကထွက်တဲ့ ငါးမြစ်ချင်းငါးကတော့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကညင်ချောင်းစီးပွါးရေး ဇုန်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အများဆုံးတင်ပို့နေကြတယ်။ စစ်တွေဘက်ကတော့ ခရီးဝေးတယ်။ ကုန်းစိမ်းဆိုတော့ ရေခဲရိုက်ထားရတယ်။ ဒါကြောင့် မောင်တောဘက်က ခရီးနီးတော့ အပျက်အစီးနည်းတယ်။"လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ဘက်ကို ရခိုင်ဒေသထွက် ကွမ်းသီး၊ လဲမှို့၊ အုန်းသီး၊ တညင်းသီး၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက်၊ ငါးကုန်းညိုခြောက်တို့အပြင်  တံမြက်စည်းအကြမ်းတွေပါ တင်ပို့ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကထုတ်လုပ်တဲ့ ဇီးယိုထုတ်၊ ဂျင်း၊  ကြက်သွန်၊ ကုလားပဲ၊ ဇီးသီးခြောက်၊  မန်ကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နဲ့ ခေါက်ဆွဲခြောက်စတာတွေ တင်ပို့လေ့ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို သွင်းကုန်ပမာဏ အနည်းငယ်သာရှိခဲ့ပြီး စစ်တွေကုန်သွယ်ရေးစခန်းမှာ တီရှပ်အထည် ၅၀၀၀ (ဒေါ်လာ ၇၅၀ ဖိုး)၊ မောင်တောနယ်စပ်စခန်းမှာ ဒန်ရေအိုးခွက်၊ PVC ပိုက်ရွယ်စုံ၊ ပလပ်စတစ်ရေတိုင်ကီနဲ့ လက်နှိပ်ရေတုံကင်တွေ ဒေါ်လာ  ၈၇၉၀ တန်ဖိုးရှိပစ္စည်းတွေ မေလအတွင်း တင်သွင်းခဲ့တယ်လို့  ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013