
ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှာ မေ ၁၂ ရက်က စက်လှေတစီး နစ်မြုပ်ခဲ့တာကြောင့် ကလေးတယောက် အပါအဝင် အမျိုးသား ၉ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၂ ရက် ညနေ ၇ နာရီခွဲလောက်မှာ အောင်တိုင်ရွာမှ လူငယ် ၁၀၀ ကျော်ဟာ စက်လှေ ၂ စီးနဲ့ မြောက်ဦးမြို့နယ်၊ သျှမ်းတောင် (မွတ်စလင်) ရွာမှ ဘောလုံးကစားပြီးအပြန် လေးမြို့မြစ်အတွင်း အောင်တိုင်ရွာ၊ ကူတို့ဆိပ်နား အရောက်မှာ စစ်လှေတစီးနစ်မြုပ်ခဲ့တာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ဘောလုံးကစားပြီးလို့ ပြန်လာတာပါ။ ရွာနားမရောက်ခင် စက်လှေက မှောက်သွားတာပါ။ လူကနည်းနည်းများတယ်၊ ရေစီးလည်းသန်တော့ အခုလိုသေဆုံးသွားတာပါ။”
အဆိုပါ နစ်မြုပ်သွားတဲ့ စက်လှေတစီးမှာ လူ ၅၀ လောက် လိုက်ပါလာပြီး အဲဒီအထဲက ကလေးတယောက်အပါအဝင် အမျိုးသား ၉ ယောက် နစ်မြုပ်သေဆုံးသွားတာလို့ ကယ်ဆယ်ရေးလုပ်ခဲ့သူ အမျိုးသားတယောက်က ပြောပါတယ်။
“သက်ဆိုင်ရာကလူတွေ ညတွင်းချင်းရောက်ပြီး ရှာဖွေကြတယ်။ ဘေးပတ်ဝန်းကျင်က လူတွေပါ အကုန်လိုက်ရှာကြတယ်။ ဒါပေမဲ့ ညတွင်း အလောင်းရှာမရဘူး။ နောက်နေ့မနက်မှ အလောင်းကို စတွေ့တယ်။”
စက်လှေနစ်မြုပ်ပြီး သေဆုံးသွားသူတွေကတော့ မင်းပြားမြို့နယ်၊ အောင်တိုင် (မွတ်ဆလင်) ရွာမှ အီလီယာ (၈ နှစ်)၊ ဦးဒေါ်လာ (၅၀ နှစ်)၊ နူမာမောက် (၃၀ နှစ်)၊ ဆာရူခင် (၁၈ နှစ်)၊ အာဘူကော်သီဒီ (၁၈ နှစ်)၊ မာမားတူဖိုင် (၃၈ နှစ်)၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် (မွတ်ဆလင်) ရွာမှ ဆီရာဒူအစ္စလာမ် (၁၉ နှစ်)၊ အာဒူဝါဟိုစ် (၁၈ နှစ်) နဲ့ မြေပုံမြို့၊ မူဆလင် (IDP Camp) မှ မာမောတ်ရော်ဟိမ် (၁၅ နှစ်) တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
မြို့နယ်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) ရဲ့ ဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ လေးမြို့မြစ်တလျှောက် ရှာဖွေခဲ့စဉ် နောက်နေ့မနက် မေ ၁၃ ရက်နေ့မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို နေရာအသီးသီး ကမ်းတလျှောက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်တွင် မိုးဦးရာသီ၊ မိုးတွင်းကာလမှာ ရေချိုမြစ်ဖြစ်တဲ့ လေးမြို့ချောင်း၊ ကုလားတန်မြစ်၊ မေယုမြစ် စတာတွေအပါအဝင် မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ ရေစီးသန် ရေကြီးရေလျှံမူတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ရေလွှမ်းတာ၊ တောင်ပြိုတာနဲ့ ကမ်းပါးပြိုတာတို့ကြောင့် ဒေသခံပြည်သူတွေ နှစ်စဉ်ဆိုသလို သေဆုံးမှုတွေ ရှိနေပါတယ်။
အခုလို အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ မြစ်ချောင်း၊ အင်း၊ အိုင်၊ မြစ်ကမ်းနားတွေမှာ သတိထားနေထိုင်သွားလာကြဖို့ စစ်ဘေးရှောင်အပါအဝင် ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတိပေးနှိုးဆော်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










