DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များ ဘဏ်မှငွေထုတ်ရာတွင် ကော်မရှင် ၄ ရာခိုင်နှုန်း ပေးနေရ
DVB
·
June 3, 2022
ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များ ဘဏ်မှငွေထုတ်ရာတွင် ကော်မရှင် ၄ ရာခိုင်နှုန်း ပေးနေရ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ  စီးပွားရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ ဘဏ်တွေမှာအပ်နှံထားတဲ့ ငွေသားထုတ်ယူရာမှာ ဘဏ်ပွဲစားတွေကို ကော်မရှင်ကြေး ၄ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ‌ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူတဦးက "ဆောက်လုပ်ပြီးစီးသွားတဲ့ လမ်း၊ တံတား၊ အဆောက်အအုံ စတာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနကနေ ငွေထုတ်ယူရာမှာ မြန်မာ့စီးပွားရေးဘဏ်ကသာ ထုတ်ယူဖို့ ချလန်ထုတ်ပေးကြတာလေ။ ဘဏ်ကိုသွားထုတ်တော့ ငွေသားမရှိဘူးလို့ မန်နေဂျာက ပြောတယ်။ တပတ်မှာ ဘယ်လောက်သာ ထုတ်လို့ရမယ်လို့ပြောတယ်။ သူတို့နဲ့ချိတ်ထားတဲ့ ဘဏ်ပွဲစားနဲ့ဆို ငွေသားထောင်ဂဏန်းအထိ အလွယ်တကူထုတ်လို့ရတယ်။ သိန်း ၁,၀၀၀ ကို ပွဲစားခ သိန်း ၄၀ ပေးရတယ်" လို့ ပြောပါတယ်။

အဲဒီလို ငွေသားထုတ်ယူရာမှာ ရခိုင်ပြည်နယ်မှ မြန်မာ့စီးပွားရေးဘဏ်တွေသာမက ပုဂ္ဂလိဘဏ်တွေမှာပါ ပွဲစားတွေဆီကသာ ငွေသားအများအပြား ထုတ်ယူနိုင်တာကြောင့် ကုန်သည်တွေအနေနဲ့ အလွန်အခက်တွေ့နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ပုဂ္ဂလိကဘဏ်တွေကလည်း တရားဝင်ထုတ်မယ်ဆို ငွေသားမရှိပါ။ တပတ် ဘယ်လောက်ထုတ်ပါ။ ပွဲစားနဲ့ထုတ်ရင် ငွေသိန်း ၅၀၀ လောက်ကတော့ ချက်ချင်းထုတ်နိုင်တယ်။ ဒီလို ငွေသားတွေရဖို့ ကော်မရှင်တွေ ပေးနေရတော့ လုပ်ငန်းမှာ အမြတ်က မရှိတော့ဘူး။ လုပ်ငန်းလည်ပတ်ဖို့ကလည်း ငွေသားမရှိလို့ မဖြစ်ပြန်ဘူးဆိုတော့ တော်တော်လေး အခက်တွေ့နေရတယ်။”

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ရခိုင်ပြည်နယ်အနှံ့ရှိ ဘဏ်ပွဲစားတွေနဲ့ ချိတ်ဆက်ကာ ငွေထုတ်ယူနိုင်တဲ့ မြို့နယ်ဘဏ်ခွဲတွေကို လွှဲ‌ပြောင်းထုတ်ယူနေကြရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းရှင်တဦးက “ဟုတ်တယ်၊ စစ်တွေ ဘဏ်ပွဲစားက အဆင်မပြေရင် သူက ကျောက်တော်ဘဏ်ခွဲ၊ မြောက်ဦးဘဏ်ခွဲ၊ စသည် ရခိုင်ပြည်နယ်အနှံ့က ဘဏ်ပွဲစားတွေနဲ့ ချိတ်ဆက်ပေးတယ်။ ငွေသားကလည်း အရေးပေါ်လိုနေတော့ သူတို့ကို ကော်မရှင်ရာခိုင်နှုန်းတိုးပေးပြီး ထုတ်ရတာလည်းရှိတယ်” လို့ ပြောပါတယ်။

အဲဒီလို ဘဏ်မန်နေဂျာတွေနဲ့ ချိတ်ဆက်ပြီး ငွေထုတ်ရာမှာ ရာခိုင်နှုန်းအလိုက် ကော်မရှင်ရယူ လုပ်စားနေကြတဲ့ ပွဲစားတွေနဲ့ ဘဏ်မန်နေဂျာတွေကို ထိရောက်စွာ အရေးယူပေးဖို့လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013