DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ခိုလှုံနေသူ ၂၀၀ ကျော်အတွက် အကူအညီနှင့် မြေနေရာ ပေးရန် ဘူးလက်လှဆွေ တောင်းဆို
DVB
·
June 1, 2022
နေပြည်တော် ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ခိုလှုံနေသူ ၂၀၀ ကျော်အတွက် အကူအညီနှင့် မြေနေရာ ပေးရန် ဘူးလက်လှဆွေ တောင်းဆို
Donate to DVB

နေပြည်တော်ရှိ ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနရုံးချုပ်မှာ ရောက်ရှိခိုလှုံနေသူ ၂၀၀ ကျော်အတွက်ကူညီပေးဖို့နဲ့ မြေနေရာချပေးဖို့   ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေ (ဘူးလက်လှဆွေ)က  စစ်ကောင်စီဆီမှာ တောင်းဆိုပါတယ်။

ဇွန် ၁ ရက် ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက တက်ရောက်မေးမြန်းရာမှာ စစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဌာနတာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးမှာ တိုင်းနဲ့ပြည်နယ် ၅ ခုက လူပေါင်း ၂၃၀ လာရောက်ခိုလှုံနေတာ တနှစ်လောက်ရှိပြီလို့ ဦးလှဆွေက  ပြောပါတယ်။

“ဒီနေ့အချိန်အထိ လူကယ်ပြန်ဝန်ကြီးဌာနက လာရောက်ကြည့်ရှုတာ ထောက်ပံ့တာမရှိပါဘူး။ ကြံ့ခိုင်ရေးပါတီကတော့ ၂ ကြိမ်ထောက်ပံ့ထားပါပြီ။ အလှူခံကျွေးနေတဲ့သဘောပါ”လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရုံးမှာ လာရောက်ခိုလှုံနေသူတွေထဲမှာ သူတို့ထဲက ၃၀ ရာခိုင်နှုန်းက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ပြီး ဝန်ထမ်း ၃၉ ယောက်ပါသလို ပင်စင်စား ၂ ယောက်ပါပြီး သူတို့ရဲ့ ပင်စင်ကို နေပြည်တော်မှာ ထုတ်ယူခွင့်မရဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ “နေပြည်တော်မှာရော သူတို့အတွက် မြေနေရာလေးဘာလေး မပေးနိုင်ဘူးလား။ သူတို့က အဲဒီမှာ ကိုယ့်ဟာကိုယ်ပဲ စိုက်ပျိုးစားချင်တယ်။ ကြံ့ခိုင်ရေးမှာလည်း နို့သက်ခံစို့မနေချင်ကြဘူး” လို့ သူက တောင်းဆိုပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်လက်ထက်မှာတုန်းက သူ့ဒေသမှာ မီးလောင်တော့ သက်ဆိုင်ရာဝန်ကြီးကို ပြောတဲ့အခါမီးခိုးထွက်နေတုန်းရှိသေးတယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်နေပြီလို့လည်း သူကပြောပြီး အခုတော့ တနှစ်ကျော်နေပြီဘာမှမရဘူးလို့လည်း ဦးလှဆွေက ပြောပါတယ်။

ဒီအပေါ်မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပင်စင်စားတွေရဲ့ အချက်အလက်တွေသူ့ကို ပေးဖို့ ပြောပါတယ်။

ပြီးတော့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က ရတဲ့ သတင်းအချက်အလက်တွေ အပေါ်မူတည်ပြီး ထောက်ပံ့နေတယ်လို့ ပြန်ဖြေပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကနေ ရက် ၂၀ အတွင်း နေပြည်တော်ကို တခြားဒေသနေပြောင်းလာတာ လူဦးရေ ၅၀၀ ကျော်အတွက် ရိက္ခာထောက်ပံ့ပေးခဲ့ပြီး ဒီအထဲမှာ မပါရင်ပြောပါလို့ ဆိုပါတယ်။

ပြီးတော့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် မေ ၂၇ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ တိမ်းရှောင်ရသူ အိမ်ထောင်စု စုစုပေါင်း ၂၂၀၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀၀ ကျော်ကို ထောက်ပံ့ခဲ့တယ်လို့လည်း လူကယ်ပြန်ဌာနက ပြောပါတယ်။

ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၂၄၃ ယောက်၊ ဒဏ်ရာရသူ ၁၅၀ ကျော်၊ မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၁၂၀၀ ကျော်ရှိတယ်လို့လည်း သူက ပြောပြီး တနှစ်အတွင်း ကျပ်သန်းပေါင်း ၅၈၈ ကျော် ထောက်ပံ့ခဲ့တယ်လို့လည်း ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ လာရောက်ခိုလှုံလာသူ ရာနဲ့ချီရှိနေပြီး နေထိုင်နေသူတွေဟာ ထမင်းစရိတ်ပေးပြီး စားနေရတယ်ဆိုတဲ့သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာ နန္ဒာလှမြင့်က ဒီဗွီဘီကို ငြင်းဆိုခဲ့ဖူးပါတယ်။ 

မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တဖြည်းဖြည်း စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ လျော့ပါးလာတာကြောင့်  စစ်ကောင်စီနဲ့ ပတ်သက်သူတွေ အခု ဧပြီလထဲမှာ နေပြည်တော်ကို ရွှေ့ပြောင်းလာကြပြီး နီးစပ်ရာမှာ ပြောင်းရွှေ့နေထိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအပြင် စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေ အသတ်ခံရတာတွေရှိလာတဲ့အတွက်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ လယ်‌ဝေး၊ ပျဉ်းမနား ဒေသတွေကို ကယား၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း စတဲ့ ဒေသတွေက ရွှေ့ပြောင်းလာသူ အယောက် ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။  

အဲ့ဒီလူတွေအတွက် နေပြည်တော်မှာ တိုက်ပွဲရှောင်စခန်းတွေ ဖွင့်လှစ်ထားတာ မရှိပေမဲ့ သူတို့ရဲ့ စာရင်းတွေကိုတော့ စစ်ကောင်စီက ကုလသမဂ္ဂအေဂျင်စီတခုထံမှာ  တင်ပြ အကူအညီ တောင်းခံထားတယ်လို့ နေပြည်တော် စစ်ကောင်စီ အသိုက်အဝန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013