Home
မြန်မာသတင်း
မြန်မာတွင် ကျောင်းမတက်နိုင်သည့် ကလေးငယ်ဦးရေ နှစ်ဆကျော်အထိ မြင့်တက်
DVB
·
June 1, 2022

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စာသင်ခန်းပြင်ပ ရောက်ရှိသွားတဲ့ ကျောင်းနေအရွယ် ကလေးဦးရေက နှစ်ဆကျော်အထိ မြင့်တက်သွားတယ်လို့ Save the Children အဖွဲ့အစည်းက  ဇွန် ၁ ရက်မှာ  ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အကြောင်းရင်းကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါနဲ့ အတူ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နိုင်ငံတဝန်းရှိ ကျောင်းနေအရွယ် ကလေးသူငယ်တွေရဲ့ ထက်ဝက်လောက်ဟာ ပုံမှန် သင်ကြားမှုစနစ်အောက်ကနေ ကင်းကွာခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် ကျောင်းတွေ၊ သင်ကြားရေးပိုင်းမှ ဆရာတွေနဲ့အတူ ကျောင်းသားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုက ပြီးခဲ့တဲ့နှစ်မှာ ပြင်းထန်ခဲ့တဲ့အတွက် အများစုက စာသင်ခန်းတွေဆီ ပြန်လာဖို့ ကြောက်ရွံ့နေရတယ်လို့ Save the Children အဖွဲ့အစည်းက ဆိုပါတယ်။

ဒီ့အတွက်ကြောင့် ကျောင်းတွေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို အချိန်တိုင်းမှာ အကာအကွယ် ပေးကြဖို့ Save the Children အဖွဲ့အစည်းက တောင်းဆိုထားပါတယ်။

တိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သတ်ပြီး Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အခုနှစ် ဧပြီ မှ မေလ အထိ နှစ်လတာကာလ အတွင်းမှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုက အကြိမ် ၂၆၀ အနည်းဆုံး ရှိခဲ့ပြီး စာသင်ကျောင်း အဆောက်အအုံ အနီး ပေါက်ကွဲမှုက အကြိမ် ၁၉၀ ခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အနီးစပ်ဆုံးပြန်ကြည့်ရင် အခုနှစ် ဧပြီလအတွင်းမှာ စာသင်ကျောင်း ဒါမှမဟုတ် ပညာရေးမှူးရုံး ၄ နေရာတို့မှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ စာသင်ကျောင်းနဲ့ အင်မတန်နီးကပ်တဲ့ ဝန်းကျင်မှာ ပေါက်ကွဲမှုကလည်း ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အချက်အလက်မှတ်တမ်းတွေအရ စာသင်ကျောင်း ဒါမှမဟုတ် ပညာရေးမှူးရုံးတွေမှာ မီးလောင်မှုက ၃၃ ကြိမ် ရှိခဲ့ပြီး သင်ကြားရေးပိုင်းမှ ဆရာတွေ အပါအဝင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၀ ဦးတို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ Save the Children အဖွဲ့အစည်းက ဆိုပါတယ်။

Save the Children အဖွဲ့အစည်းမှ ပညာရေးဆိုင်ရာမူဝါဒနှင့်အကြံပေးအရာရှိ အမ်မာဝဂ္ဂနာ  က “ကျောင်းနေအရွယ် ကလေးတော်တော်များများ စာသင်ခန်းနဲ့ ကင်းကွာနေရတယ် ဆိုတဲ့အချက်ဟာ အင်မတန်မျှ တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကို သေသေချာချာ စဉ်းစားကြည့်ရင် သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါက ကျောင်းနေအရွယ်ကလေးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ပညာရေးစနစ်ဆီ ရောက်ရှိဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ ဒီရလဒ်ကနေ ကျနော်တို့ စောစီးစွာ သိရှိစေခဲ့တဲ့ အချက် တချက် ရှိပါတယ်။ ဒါကတော့ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ကျောင်းထွက်ခဲ့ရပြီးနောက် လုပ်ငန်းခွင်ထဲ ရောက်ရှိခဲ့ ရတဲ့ ကလေး လုပ်သား အပါအဝင် အရွယ်မရောက်သေးဘဲ အိမ်ထောင်ကျခဲ့ရတဲ့ ကလေးအရေအတွက်တွေကို လျှော့ကျဖို့ ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေက တိုင်းပြည်အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေဖြစ်ပေါ်လာအောင် ပံ့ပိုးပေးထားသလိုရှိနေပြီး စာသင်ခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကလည်း အနာဂတ် မြန်မာမျိုးဆက်သစ် လူငယ်တွေရဲ့ သင်ကြားမှုဆိုင်ရာ အခွင့်အလ◌မ်းတွေကို ပျက်စီးဆုံးရှုံး စေရာရောက်စေကြောင်းနဲ့ ဒါမျိုးကို လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စာသင်ကျောင်းတွေကို  ပစ်မှတ်ထား တိုက်ခိုက်နေတာကို အခုချက်ချင်း အဆုံးသတ်ဖို့လည်း အမ်မာဝဂ္ဂနာက ပြောပါတယ် ။

ဒါကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကြောင့် အနာဂတ် မြန်မာလူငယ်တွေရဲ့ အရေးကို အကာအကွယ်ပေးဖို့နဲ့ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် အာဆီယံအဖွဲ့ကိုလည်း  Save the Children က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စာသင်နှစ် တနှစ်ရဲ့ အစ ပထမဆုံးရက်အဖြစ် ဇွန် ၁ ရက်နေ့လို့ သတ်မှတ်ခဲ့ပေမဲ့ အခုနှစ်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ဇွန် ၂ ရက်မှာ စတင်ဖွင့်လှစ်ဖို့ ကျောင်းအပ်လက်ခံနေပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ အခြေခံပညာ ကျောင်းအပ်နှံတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက်    ၅ ဒသမ ၂ သန်းကျော်ရှိပြီလို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024