DVB Logo
Home
မြန်မာသတင်း
လှူဒါန်းထားသည့် စားနပ်ရိက္ခာများကို လက်ကားပြန်ရောင်းချတာမျိုး လုံးဝလက်မခံဟု WFP ပြော
DVB
·
May 31, 2022
လှူဒါန်းထားသည့် စားနပ်ရိက္ခာများကို လက်ကားပြန်ရောင်းချတာမျိုး လုံးဝလက်မခံဟု WFP ပြော
Donate to DVB

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လှူဒါန်းထားတဲ့ ဆန်တွေကို ဈေးကွက်ထဲမှာ ပြန်ရောင်းတာတွေရှိနေတယ်ဆိုတဲ့ကိစ္စ လက်ခံရရှိသူတွေရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လက်ကားရောင်းချတာမျိုးကိုတော့ လုံးဝလက်ခံမှာမဟုတ်ဘဲ WFP ဝန်ထမ်းတွေကို တိုက်ရိုက်ဆက်သွယ်ပေးကြဖို့ WFP မြန်မာရဲ့တာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာရောက်နေတဲ့ ကရင်နီဒေသက စစ်ဘေးရှောင်တွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လှူဒါန်းခဲ့တဲ့ဆန်အိတ်တွေ ကုန်စုံဆိုင်တချို့မှာ ပြန်ရောင်းချနေတယ်ဆိုတဲ့သတင်းတွေအပေါ် အခုလိုဖြေရှင်းလိုက်တာပါ။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ကုန်စုံဆိုင်တခုမှာ WFP အမှတ်တံဆိပ်ပါ ဆန်ရိက္ခာတွေတွေ့ရတယ်လို့ ဖော်ပြထားတဲ့ ဆိုရှယ်မီဒီယာပို့စ်တခုကို ကျနော်တို့သိရှိပြီးဖြစ်ပါတယ်။ WFP က လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတချို့ကို စျေးကွက်အတွင်းမှာ ပြန်လည်ရောင်းချကြတာမျိုးက ရံဖန်ရံခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ တခါတလေမှာလည်း WFP ရဲ့ အကျိုးခံစားခွင့်ရှိသူ မိသားစုဝင်တွေက သူတို့ရရှိထားတဲ့ ဆန်ရိက္ခာအနည်းအကျဉ်းကို ဆပ်ပြာလိုမျိုး တခြားအိမ်သုံးပစ္စည်းတွေ (သို့မဟုတ်) တခြားသော အစားအစာတွေနဲ့ လဲလှယ်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး ရောင်းချတတ်ကြပါတယ်” လို့ ပြောပါတယ်။

WFP က ဖယ်ခုံနဲ့ လွိုင်ကော်မြို့ပေါ်မှာ လူသားချင်းစာနာထောက်ထားမှုအကူညီအနေနဲ့ တအိမ်ကို ဆန်တအိတ်စီ လိုက်လံဝေပေးခဲ့ပြီး ဆန်ကြမ်းဖြစ်လို့ဆိုပြီး မစားနိုင်တာကြောင့် တချို့က ပြန်ရောင်းကြတာလို့ ဒေသခံတွေက ပြောပါတယ်။ 

ရှမ်းပြည်တောင်ပိုင်းကိုရောက်နေတဲ့ ကရင်နီပြည်က စစ်ဘေးရှောင်တွေနဲ့ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က ပဋိပက္ခဒဏ်သင့်ပြည်သူ ၉၀၀၀၀ လောက်အတွက် စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို   ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြန့်ဝေပေးခဲ့တာပါ။

ဒီလို ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ တလခွဲလောက်ညှိနှိုင်းခဲ့ရပြီးမှ ခွင့်ပြုချက်ရခဲ့တာလို့လည်း WFP က ဆိုပါတယ်။

Mr. Stephen Anderson က “ကျနော်တို့ဝန်ထမ်းအဖွဲ့ဆီကနေ ပြန်သိရတာကတော့ အကျိုးခံစားခွင့်ရှိသူတော်တော်များများဟာ WFP က ပေးထားတဲ့ ဆန်ရိက္ခာတွေကို ပုံမှန်စားသုံးကြပါတယ်။  တချို့အကျိုးခံစားခွင့်ရှိသူတွေကတော့ အရေးပေါ်ကိစ္စတွေနဲ့ အရေးတကြီးလိုအပ်ချက်တွေ၊ ဥပမာ ကျန်းမာရေးနဲ့ ကလေးအတွက် ပညာရေးအတွက်လိုမျိုး လိုအပ်တဲ့အခါ သူတို့ရရှိထားတဲ့ ဆန်ရိက္ခာတွေကို ပြန်လည်ရောင်းချကြပါတယ်။ အကျိုးခံစားခွင့် ရှိသူတွေအနေနဲ့ သူတို့ရရှိထားတဲ့ရိက္ခာတွေကို အဆင်ပြေသလို အသုံးပြုတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်ပဲမို့ သူတို့ဆုံးဖြတ်ချက်ကို ကျနော်တို့အနေနဲ့ အပြည့်အဝအသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ WFP ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ လက်ကားရောင်းချတာမျိုး ဆိုရင်တော့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ 

အထောက်အပံ့တွေဟာ WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့အပေါ် မှီခိုနေရတဲ့ ထိခိုက်လွယ်သူတွေဆီကို လက်ဝယ်ရောက်ဖို့ ကတိပြုတယ်လို့လည်း သူက ဆိုပါတယ်။

WFP ရဲ့ လုပ်ထုံးလုပ်နည်းတွေအရလည်း အထောက်အပံ့တွေကို ကြားခံအဖွဲ့အစည်းတွေကတဆင့် ပေးတာမဟုတ်ဘဲ လက်ခံမယ့်သူတွေဆီ တိုက်ရိုက်ပေးအပ်နေတာပါ။

ထောက်ပံ့ကူညီတာတွေကို လတ်တလောဖြစ်နေတဲ့ ပဋိပက္ခဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ၊ ကာလကြာရှည် နေရပ်စွန့်ခွာနေထိုင်နေကြရသူတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေး အခြေအနေထိခိုက်ခဲ့ရတဲ့ မြို့ပြနေ ဆင်းရဲနွမ်းပါးသူတွေကို အဓိကကူညီထောက်ပံ့တာဖြစ်ပြီး  အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်ပါတယ်။

Mr. Stephen Anderson က “ကျနော်တို့အကူအညီ စတင်ပေးအပ်တဲ့အချိန်ကတည်းက လူထုပူးပေါင်းပါဝင်တဲ့စနစ်တခုကို တည်ထောင်ထားပါတယ်။ အဲဒီကနေတဆင့် WFP ရဲ့ အထောက်အပံ့တွေနဲ့ပတ်သက်တဲ့ အကြံပြုချက်မှန်သမျှကို ကြိုဆိုနေပါတယ်။ ကျနော်တို့အနေနဲ့ အကြံပြုချက်၊ တိုင်ကြားချက်မှန်သမျှကို မှတ်တမ်းတင်ထားပြီး၊ စုံစမ်းစစ်ဆေးမှုတွေကို သေသေချာချာ ပြုလုပ်လျက်ရှိပါတယ်” လို့ ပြောပါတယ်။

ရိက္ခာဖြန့်ဖြူးရေးနေရာမှာရှိနေတဲ့ WFP ဝန်ထမ်းတွေနဲ့တိုက်ရိုက် စကားပြောဆိုတာ၊ ဒါမှမဟုတ် WFP ရဲ့ အကူအညီပေးရေး ဖုန်းနံပါတ်တွေဖြစ်တဲ့ 09-883005668 (ရှမ်းပြည်နယ်တောင်ပိုင်း) နဲ့ 09-264819195 (လွိုင်ကော်) တို့ကို ဖုန်းခေါ်ဆိုပေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။

မြေပြင်မှာရောက်နေတဲ့ WFP ဝန်ထမ်းအဖွဲ့တွေကလည်း အကျိုးခံစားခွင့်ရှိသူတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီးနားလည်ဖို့နဲ့ WFP ရဲ့ ပံ့ပိုးကူညီပေးမှုတွေကို ပိုထိရောက်စေဖို့အတွက် ဒေသခံလူထုတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးတာတွေကို အမြဲလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ရှမ်းပြည်နယ် ဖယ်ခုံမြို့ပေါ်က ကုန်စုံဆိုင်တဆိုင်မှာ  ဆန်တွေသွားဝယ်ရာမှာ WFP တံဆိပ်နဲ့ ဆန်အိတ်တွေကိုတွေခဲ့လို့ ဝယ်ယူပြီး ပြန်လှူခဲ့တယ်လို့ ကွန်ရက်အဖွဲ့ဝင်တဦးက ပြောပါတယ်။

WFP တံဆိပ်ပါ UN ဆန်အိတ် တအိတ်ကို ကျပ်ငွေ ၃၅,၀၀၀ နှုန်းနဲ့   ဆန်အိတ်ပေါင်း  ၉ အိတ် စုစုပေါင်း ကျသင့်ငွေ ကျပ် ၃၁၅၀၀ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ တကယ်လိုအပ်တဲ့နေရာမှာထိရောက်စွာပေးနိုင်ဖို့ ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့  ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့ဝင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013