DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့် ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များအတွက် WFP က စားနပ်ရိက္ခာဖြန့်ဝေ
DVB
·
May 31, 2022
လွိုင်ကော်နှင့် ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များအတွက် WFP က စားနပ်ရိက္ခာဖြန့်ဝေ
1 / 5
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က စစ်ဘေးပဋိပက္ခဒဏ်သင့်ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာဟာရ အထောက်အပံ့တွေကို ဖြန့်ဝေပေးနေပြီလို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲ ရှမ်းပြည်တောင်ပိုင်းကို ရောက်နေတဲ့ ကရင်နီ စစ်ဘေးရှောင် ပြည်သူတွေကို စာနပ်ရိက္ခာ ကူညီပြီးနောက်မှာ အခုတော့ လွိုင်ကော်မှာလည်း ထောက်ပံ့ကူညီနေတာပါ။

WFP ရဲ့ ဌာနေကိုယ်စားလှယ်က Mr. Stephen Anderson က “လက်ရှိအချိန် အခုမေလအထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နေရပ်စွန့်ခွာလာရတဲ့သူ ၇,၀၀၀ လောက်ကို စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေ ဖြန့်ဝေပြီးသွားပါပြီ။ မကြာသေးမီ ရက်သတ္တပတ်တွေနဲ့ လပိုင်းတွေ အတွင်းမှာ WFP ဟာ ချင်းပြည်နယ်၊ မင်းတပ်၊ မကွေးတိုင်း ကျောက်ထုနဲ့ မကြာသေးမီကဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယ၊ တောင်ကြီးမြို့နယ်တွေ၊  ကယားပြည်နယ် လွိုင်ကော် စတဲ့ ပဋိပက္ခထိခိုက်မှု ပြင်းထန်တဲ့ ‌နေရာဒေသတွေဆီ သွားရောက်ကူညီခွင့် ရရှိခဲ့ပါတယ်။ အခုဆိုရင် ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က ပဋိပက္ခဒဏ်သင့် ပြည်သူ ၈၀,၀၀၀ အတွက် စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေကို  ဖြန့်ဝေပေးနေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ ပဋိပက္ခဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ၊ ကာလကြာရှည် နေရပ်စွန့်ခွာ နေထိုင်နေကြရသူတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေး အခြေအနေ ထိခိုက်ခဲ့ရတဲ့ မြို့ပြနေ ဆင်းရဲနွမ်းပါးသူတွေကို အဓိကကူညီထောက်ပံ့တာဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလို ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ တလခွဲလောက် ညှိနှိုင်းခဲ့ရပြီးမှ ခွင့်ပြုချက်ရခဲ့တာလို့လည်း သူက ဆိုပါတယ်။

“ကျနော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စားနပ်ရိက္ခာ ဖြန့်ဝေမှုစတင်ဖို့ကို ရက်သတ္တပတ် ၆ ပတ်လောက် အကျေအလည် ညှိနှိုင်းပြီးတဲ့နောက် ဒီနှစ် မတ်လကပဲ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ အခုရရှိထားတဲ့ သွားရောက်ကူညီခွင့်ကို ရေရှည်ရရှိမယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ တခြားနေရာတွေက ထိခိုက်လွယ်သူတွေနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့ သူတွေဆီကိုလည်း အခုလိုမျိုး ထောက်ပံ့တာတွေကို ပေးအပ်နိုင်ခွင့်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

လူတယောက်ရဲ့ နေ့စဉ် ကယ်လိုရီ လိုအပ်ချက်နဲ့ ကိုက်ညီအောင် တွက်ချက်ထားတဲ့ ဆန်၊ ပဲမျိုးစုံ၊ ဆီနဲ့ ဆား ပါဝင်တဲ့ အခြေခံရိက္ခာ တလစာစီ ထောက်ပံ့တာဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်ကတော့ အာဟာရချို့တဲ့မှု အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အာဟာရမှုန့်တွေကိုလည်း ပံ့ပိုးပေးတယ်လို့ သူက ပြောပါတယ်။

“WFP အနေနဲ့ နေရပ်စွန့်ခွာလာရသူတွေဟာ ကယားပြည်နယ်မှာရှိတဲ့ သူတို့နေရပ်မှာ ပြန်လည် အခြေချနိုင်အောင် ပံ့ပိုးကူညီပေးနိုင်ဖို့နဲ့ သူတို့အနေနဲ့ ဘေးကင်းတယ်လို့ခံစားရတဲ့အချိန်ကျရင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကူညီပေးဖို့ ကတိကဝတ်ပြုပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့ နေရာဒေသအသီးသီးမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ခြင်းမရှိသေးပါဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

WFP ဟာ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှာ လူပေါင်း ၁ သန်းကို ကူညီထောက်ပံ့ပေးအပ်ခဲ့ရာကနေ မနှစ်က လူ ၃ သန်းနီးပါးအထိ တိုးမြှင့်ပံ့ပိုးကူညီနိုင်ခဲ့ပါတယ်။

ဒီနှစ်အကုန်မှာ အနည်းဆုံးမြန်မာနိုင်ငံသား ၄ သန်းကို ကူညီဖို့ လျာထားပြီး အခု ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အတွင်း လူပေါင်း ၂ သန်းကျော်ကို ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013