DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနှင့် လူသားချင်းစာမှုအကူအညီ လိုအပ်
DVB
·
May 30, 2022
ကရင်ပြည်နယ်က  စစ်ရှောင်ပြည်သူများ ဆေးဝါးနှင့် လူသားချင်းစာမှုအကူအညီ လိုအပ်
1 / 8
Donate to DVB

ကရင်ပြည်နယ်အတွင်း ကေအန်ယူနယ်မြေရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအပြင် ဆေးဝါးလိုအပ်ချက်တွေရှိနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မေ ၃၀ ရက်က ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်အရေးအဖွဲ့ဆီက သိရပါတယ်။

မိုးကာလရောက်ရှိလာပြီးဖြစ်တဲ့အတွက် ကေအန်ယူ တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်တွေဟာ စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ အရေးပေါ် လိုအပ်ချက်တွေရှိနေတာပါ။

စစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေခံစားနေကြရတဲ့အပြင် တီဘီရောဂါတွေပါ ခံစားနေကြရပါတယ်။

ကော်သူးလေကရင်ကျန်းမာရေးနှင့် ကယ်ဆယ်အရေးအဖွဲ့ အတွင်းရေးမှူး စောလာစဲက” နေထိုင်ဖို့ လုံခြုံတဲ့ အဆောက်အအုံနဲ့ စားနပ်ရိက္ခာတွေ၊ဆေးဝါးတွေ လိုတယ်။ လောလောဆယ်အဲဒါတွေက အခက်အခဲရှိနေတယ်။ အခု တီဘီတွေပါဖြစ်နေတယ်။ ကျနော်တို့ ထိန်းချုပ်ခြင်းမရှိတဲ့ အမျိုးအစားတွေက တော်တော်လေးဖြစ်နေတယ်။ အဓိက ကတော့ ကလေးနဲ့သက်ကြီးရွယ်အိုတွေ”လို့ ဆိုပါတယ်။

လက်ရှိ မိုးတွင်းကာလ သယ်ယူပို့ဆောင်ရေးအတွက် သွားရေးလာရေး အခက်အခဲတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့  အကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တော၊ တောင်အတွင်း ထွက်ပြေးတိမ်းရှောင်ရင် ကိုယ်ဝန်ဆောင်မီးဖွားခဲ့ရသူတွေရှိသလို့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အပြင် နေထိုင်မကောင်းသူတွေဟာ ဆေးဝါးအခက်အခဲတွေရှိနေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သံတောင်မြို့၊ တိုင်းရင်းသားလူမျိုး လူမှုအဖွဲ့အစည်း(အမျိုးသမီးအဖွဲ့)အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်(မူတြော်)ခရိုင်တပ်မဟာ (၅) နယ်မြေတွေဟာ သွားရေးလာရေးခက်ခဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီတွေ  အရေးပေါ်လိုအပ်နေတာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကနေ စတင်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ကျူးကျော်တိုက်ပွဲတွေကြောင့် အိမ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ပြည်သူတွေဟာ အခုမိုးဦးစရာသီမှာ ကျန်းမာရေးအတွက် လုံလောက်တဲ့ ဆေးဝါးမရှိဖြစ်နေကြပါတယ်။

မြန်မာ-ထိုင်း နယ်စပ် စစ်ဘေးလွတ်ကင်းနိုင်တဲ့ နေရာမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေအများစုဟာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေကြတာဖြစ်လို့ မိုးရာသီရောက်လာတဲ့အခါ လေပြင်းဒဏ်မခံနိုင်လို့ ပျက်စီးမှုတွေလည်း ရှိပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်းကို နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ KNDO ၊ PDF ပူးပေါင်းတပ်အကြား တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇၀,၀၀၀ ကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Photo-DVB&KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013