လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ချီတက်ပွဲဖြစ်တဲ့ Chiang Mai Pride Parade 2026 ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မေ ၂၄ ရက်က ကျင်းပခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ "Inclusive City" (ခွဲခြားမှုကင်းစင်ပြီး အားလုံးပါဝင်နိုင်သောမြို့တော်) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနှစ် လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ ချီတက်ပွဲတော်ကတော့ မနှစ်က စတင်အသက်ဝင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ သမိုင်းဝင် လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေဆိုတဲ့ အောင်မြင်မှုကို အောင်ပွဲခံရုံသာမက လက်ရှိ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေကို မီးမောင်းထိုးပြဖို့ အဓိက အလေးထားခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ အာတီးဆမ်ဆူဝမ်က "တကယ်တော့ ကျနော်တို့ လိင်တူလက်ထပ်ခွင့်ဆိုင်ရာဥပဒေဆိုတဲ့ ပန်းတိုင်ကို ရောက်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေရဲ့ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ လိုအပ်နေသေးတဲ့ ဥပဒေပေါင်း ၅၀ လောက် ရှိနေပါသေးတယ်။ LGBTQ+ အသိုက်အဝန်းဟာ နယ်ပယ်အသီးသီးမှာ ခွဲခြား ဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကျနော်တို့ရဲ့ သူငယ်ချင်းအချို့ ခွဲခြားဆက်ဆံခံနေရတဲ့ အမှန်တရားကို ရင်ဆိုင်နေရချိန်မှာ ငါတို့ ဘာကြောင့် အောင်ပွဲခံနေကြဦးမှာလဲဆိုတဲ့ အတွေးကနေ 'Inclusive City' ဆိုတဲ့ အဓိကဆောင်ပုဒ် ဖြစ်လာတာပါ" လို့ ဆိုပါတယ်။
ချီတက်ပွဲမှာ ချင်းမိုင်အခြေစိုက် မြန်မာ LGBTQ+ လူမှုအသိုက်အဝန်းကလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီပွဲမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့တဲ့ မာမီဂျွိုင်းက "မြန်မာပြည်မှာဆိုလို့ရှိရင်လည်း ဆက်လက်ပြီးတော့ ပေါ့နော် အခုလိုမျိုး Pride ပွဲလေးကို ကျင်းပနိုင်ဖို့အတွက် အခွင့်အရေးတွေ အားလုံးပဲ ထိုင်းလိုမျိုးပဲ တန်းတူရဖို့အတွက် မျှော်လင့်မိပါတယ်" လို့ ပြောပါတယ်။
ဒီနှစ်ပွဲတော်ရဲ့ သမိုင်းဝင် ခြေလှမ်းတခုအနေနဲ့ ချင်းမိုင်မြို့ကို လိင်ကွဲပြားမှု ဒါမှမဟုတ် လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေကနေ ကင်းဝေးပြီး လူတိုင်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ နေထိုင်နိုင်မယ့် “Inclusive City” အဖြစ် တရားဝင် ဖော်ဆောင်ဖို့ ထိုင်းအစိုးရ၊ ပုဂ္ဂလိကနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီပွဲတော်မှာ Miss World Thailand 2026 အလှမယ်ဆုပူပူနွေးနွေးရထားတဲ့ ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်ကလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။
သူဟာ Miss Chiangmai 2026 ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးဆိုင်ရာအလှအမယ်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ဒီပွဲတော်မှာ သူဟာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံမဲ့ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အလမ်းတွေကို ဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့ “Dare Your Dream” အစီအစဉ်အကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ကို လုပ်ဆောင်တာဟာ LGBTQ+ ဖြစ်တာကြောင့်၊ လူနည်းစု လူမျိုးစု ဒါမှမဟုတ် နိုင်ငံသားဖြစ်ခွင့်တွေနဲ့မဆိုင်ဘဲ လူတိုင်းဟာ အခွင့်အရေး၊ ပညာရေးနဲ့ စိတ်ကူးအိပ်မက်တွေ မက်ခွင့်၊ လွတ်လပ်ခွင့်တွေ ရှိသင့်တယ်လို့ ယုံကြည်တာကြောင့်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံးပါဝင်ဆင်နွှဲမဲ့ World Pride 2030 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့လည်း ရှိနေပါတယ်။