
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ အောက်တိုဘာ ၁၀ ဒီမနက်က ကားတစီးအရှိန်လွန် ဓာတ်တိုင် ကို ဝင်တိုက်တာကြောင့် ၃ ယောက် သေဆုံးတယ်လို့ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းက ထုတ်ပြန်ပါတယ်။
မနက် ၇ နာရီ ၄၅ မိနစ်လောက်က မင်းဓမ္မလမ်းမပေါ်၊ MCC ခန်းမနားမှာ Leapmotor ကားတစီး အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကိုကျော်ပြီးနောက် အနားကဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။
ကားပေါ်မှာ လူညပ်နေတဲ့သတင်းရလို့ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲက လူနာတင်ယာဉ် တစီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီးနဲ့ ကယ်ဆယ်ရေး သွားလုပ် ခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၄ ယောက်ပါလာပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လှိုင်လူမှုကူညီရေးအသင်း၊ ကောင်းမှုဆောင် ပရဟိတအသင်း၊ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲက လူနာတင်တွေနဲ့ အင်းစိန်ဆေးရုံဆီကို အရေးပေါ် ပို့ဆောင် ပေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
မီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။











