
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဇွန် ၁၁ ရက် မနက် ၁၀ နာရီလောက်က ထွေအုပ်ဝန်ထမ်းအချင်းချင်း ဓားထိုး လူသတ်မှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အသတ်ခံရသူတဲ့ အသက် ၃၅ နှစ်အရွယ် အငယ်တန်းစာရေး ဦးအောင်မြင့်မြတ်ဟာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ထွေအုပ်ရုံးကနေ ဧပြီလကမှ စစ်ရှောင်ရင်း ရန်ကုန်ကို ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဇွန် ၉ ရက်မှာ တရားခံလို့ ယူဆရသူနဲ့ ပြဿနာတက်ထားသူ ဖြစ်ပါတယ်။
မြို့ခံတယောက်က “သံပန်းတံခါးအဝင်ပေါက်လေးမှာပဲ လဲကျနေတာ။ ဒီဘက်က သက်ဆိုင်ရာအဖွဲ့တွေ ရောက်တော့ သေနေပြီ။ အလောင်းတော့ ဆေးရုံသယ်သွားကြပြီ။ ဓားနဲ့ထိုးသွားတာလည်း ဘယ်သူမှတော့ မမြင်လိုက်ဘူးလို့ ပြောတယ်။ ဟိုတယောက်ကိုတော့ အရင်ရက်က ပြဿနာတက်ထားလို့ တရားခံဆိုပြီး လိုက်ရှာနေတာ” လို့ ပြောပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာတော့ ဦးအောင်မြင့်မြတ်ရဲ့ ညာဘက်ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ ၄ ချက်ထက်မနည်း တွေ့ရှိထားကာ ရုံးအဝင်အဝမှာပဲ ပက်လက်အနေအထား သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ဓားနဲ့ ထိုးသတ်သွားသူလို့ ယူဆနေကြတဲ့ အသက် ၅၀ ကျော်အရွယ် နေ့စား ထွေအုပ်ရုံးအကူ ဖြစ်သူ ဦးကျော်စိုးမင်းဟာ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် မရမ်းကုန်းရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။