DVB Logo
Home
Lead Story
မယက မအလ (သရော်စာ)
DVB
·
May 21, 2022
မယက မအလ  (သရော်စာ)
Donate to DVB

 ဖေကြီး(လေရှီး)

အဘစောမူးသာတို့အိမ်ကို ရောက်တော့ အဘထွန်းခင်ကော အဘရစ်ချတ်ကော နောက်ထပ် သူတို့နဲ့ ရွယ်တူ အဘတယောက်ကိုပါ တွေ့ရပါတယ်။

"လာဟေ့ ဖေကြီး . . မင်းလာတာနဲ့ အတော်ပဲကွ"

"ဘာအတော်ပဲလဲ အဘစောမူးသာရဲ့"

"ဘာဖြစ်ရမလဲဟ . . . ဂျင်ပေါက်ဖို့ပေါ့"

"ငယ်မူပြန်မလို့လား အဘရယ်"

"ဟားဟား ဟားဟား ဟားဟား . . . . ဒီ 'ဂျင်' ကို ပြောတာဟ ဖေကြီးရ"

ပုလင်းတလုံးကို မြှောက်ပြပါတယ် ခင်ဗျ။ 'ဂျင်' ပုလင်းကြီးပေါ့။ ဧည့်သည်အဘ မြို့ပေါ်ရောက်တုန်း ဝယ်လာတာတဲ့ 'ဂျင်' ပုလင်းတဲ့ ခင်ဗျ။

"ဖေကြီးရေ . . . ဒါ ငါတို့ငယ်သူငယ်ချင်း 'လုံးတုံး' ကွ။ သူက ငါတို့ရွာနဲ့ မင့်ကောင် ဆာကီးလားတို့ရွာကြားက 'ရဲဘော်ကျ' ရွာမှာနေတယ်"

"ဟုတ်ကဲ့ပါ အဘလုံးတုံးရေ၊ ကျနော်က ဖေကြီးပါ ခင်ဗျ"

"ပြီးခဲ့တဲ့ နွေဦးကတည်းက မြို့ပေါ်မှာ 'ခွေးရူးတွေ' သိပ်သောင်းကျန်းနေလို့ အကိုက်မခံချင်တာနဲ့ ရောက်ရာပေါက်ရာ ပြေးလာတဲ့သူပေါ့ကွ၊ အခုအထိကို

အိမ်ပြန်မရောက်သေးဘူး . . ဟားဟား ဟားဟား ဟားဟား . . . . . ."

"အဘစောမူးသာကတော့ လုပ်ပြီဗျို့"

"ဟားဟား ဟားဟား ဟားဟား . . ."

အဘလုံးတုံးနဲ့လည်း အဘစောမူးသာတို့လိုပဲ တခါတည်းကို ရင်းနှီးသွားပါသဗျ။

သိရတာတခုက အဘ 'လုံးတုံး' ဟာ 'စစ်ပြန်' တဦး ဆိုတာပါပဲ။ ဒါပေမဲ့ 'ခေတ်' ကို မျက်ခြည်မပြတ်သူ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားပြီးသိတတ်သူ၊ မတရားမှုတွေကိုကော မတရားမှု လုပ်နေတဲ့သူတွေကိုပါ ကန့်ကွက်ရှုတ်ချတတ်သူဆိုတာ စကားပြောရင်း သိလာရတယ် ခင်ဗျ။

"သူက 'တပ်ကြပ်ကြီးလုံးတုံး' ကွ။ တပ်မတော် (ကြည်း) ရဲ့ လက်ရွေးစဉ် လက်ဝှေ့သမားပေါ့ကွ . . ဟ ဟ ဟ"

"သေနာ မူးသာ၊ မဟုတ်ကဟုတ်က"

"ဟားဟား ဟားဟား ဟားဟား . . ."

"လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က 'တပ်ရေးဗိုလ်ကြီး' ကို ပြန်ထိုးမိခဲ့လို့ ပြုတ်ခဲ့တာကွ . . ဟားဟား ဟားဟား ဟားဟား . . ."

"မူးသာ . . နင်ကတော့ ဖော်ကောင်ပဲ"

"ဟားဟား ဟားဟား ဟားဟား . . ."

အဘလုံးတုံးသည်လည်း အဘစောမူးသာတို့ အဘရစ်ချတ်တို့လိုပါပဲ ခင်ဗျ။

"ကဲ ကဲ . . သံပုရာသီးအသင့် သကြားအသင့် ပုလင်းဖွင့်မယ်။ မိန်းမကြောက်တဲ့ကောင်တွေ ဝင်မထိုင်နဲ့ဟေ့"

"ဟားဟား ဟားဟား ဟားဟား . . ."

"နင်ပြောပုံအရဆိုရင် ဂျပု ကြင်စိုး သာဝ 'မအလ' တော့ ဝင်သောက်ရမှာ မဟုတ်ဘူးပေါ့၊ ဟုတ်လား မူးသာ"

"ကျိန်းသေတာပေါ့ လုံးတုံးရာ . . အာဏာရှင်တွေထဲမှာ 'ဘာမဆိုလုပ်ရဲတယ်' လို့ ပြောပြီး မိန်းမကြောက်တတ်တဲ့နေရာမှာတော့ 'မအလ' ဟာ တကယ့်ကို 'မယက' ဆရာကြီးပဲဟ"

"ဟားဟား ဟားဟား ဟားဟား . . ."

"ငါကတော့ 'အာဏာရှင်' တွေထဲမှာ မိန်းမ ခဏခဏယူခဲ့တဲ့ 'ဦးနေဝင်း' ကို အလေးစားဆုံးပဲဟ။ အများကြီးပဲနော်"

"အေးလကွာ . . . ဒေါ်ခင်မေသန်း၊ ဒေါ်နီနီမြင့်၊ ရတနာနတ်မယ် . . . . ဟာကွာ . . အများကြီးမှ အများကြီး၊ 'တကျိတ်' လောက်ရှိမယ်"

"အေး . . . မင်း ပြည်ဘက်မှာ တာဝန်ကျတုန်းက ကြားခဲ့ရတဲ့ဇာတ်လမ်းလေးကို ပြန်ပြောစမ်းပါအုံးဟ။ ဖေကြီးလည်း ကြားရအောင်လို့ကွ . . . ဟ ဟ ဟ"

အဘလုံးတုံး ပြည်မြို့ဘက်မှာ တာဝန်ကျတုန်းကတဲ့၊ အဲသည်နယ်ဘက်မှာ ပေါက်ခေါင်းတို့ ပေါင်းတလည်တို့ဆိုတဲ့ တောမြို့လေးတွေ ရှိတယ်တဲ့။ 'ဦးနေဝင်း' ရဲ့ဇာတိဟာ အဲသည်ဘက်က 'ချောင်းခေါင်း' ဆိုတဲ့ ရွာလေးတဲ့ခင်ဗျ။

အဲသည်ခေတ်က 'အလုပ်' တွေဘာတွေလျှောက်လို့ ရန်ကုန်မှာ အင်တာဗျူးတွေဘာတွေ လူတွေ့တွေ ဘာတွေလုပ်ရင် ပေါင်းတလည် ပေါက်ခေါင်းကလို့ ပြောလိုက်တာနဲ့ အလုပ်တန်းရဆိုပဲ ခင်ဗျ။

"အဲသည်မှာ တခါတော့ ဗိုလ်သင်တန်းအတွက် လူတွေ့စစ်ဆေးမေးမြန်းတဲ့ရက် တခုမှာတဲ့ကွ . . . လူငယ်တဦးကို အရာရှိကြီးတွေက ထုံးစံအရ မေးရတာပေါ့"

"ဟားဟား ဟားဟား ဟားဟား . . ."

"ဟဲ့ကောင်မူးသာ . . နင်က ထရယ်နေတယ်။ . . . တိတ်တိတ်နေဟာ"

အဘလုံးတုံးက အဘစောမူးသာကို ပြောပြီးတော့ ဇာတ်ကို ဆက်ပါ၏။

"အဲသည်လူငယ်ကို အမည်မေး၊ အသက်မေး၊ ဇာတိမေး၊ ပြီးတော့ မိဘရဲ့အမည်နဲ့ အလုပ်အကိုင် ဘာညာ မေးဖို့ပေါ့ကွာ"

"ဟုတ်ကဲ့ အဘလုံးတုံး . . ."

"နာမည်ပြော ဆိုတော့ 'မောင်မောင်' တဲ့။ အသက်ဆိုတော့ 'ဆယ့်ရှစ်နှစ်' တဲ့။ အဖအမည်ဆိုတော့ 'ဦးနေဝင်း' တဲ့။ အလုပ်အကိုင်ဆိုတော့ 'လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး' တဲ့။ အဲသည်မှာ အရာရှိကြီးတွေ မျက်လုံးတွေ ပြူးကုန်ကြတော့တာတဲ့ကွ"

"ဟားဟား ဟားဟား ဟားဟား . . ."

"အဲသည်တော့ . . ."

"အဲသည်တော့ ဟိုပုဂ္ဂိုလ်တွေလည်း ပူထူကုန်ပြီး ခေါင်းချင်းတွေရိုက်၊ မေးမြန်းတာကို ခဏနား၊ ဖုန်းရှိရာပြေး၊ ပါတီဥက္ကဋ္ဌကြီးဆီကို အရဲစွန့်ပြီး ဆက်ကြရတော့သတဲ့ဟ"

"ဒီမှာတော့ လူငယ်တဦး အင်တာဗျူး ဖြေနေပါတယ်၊ သူ့အဖေဟာ ပါတီဥက္ကဋ္ဌကြီးလို့ ပြောနေပါတယ်။ အဲဒါ ကျနော်တို့တွေ ဘယ်လိုများ ဆက်လက်ပြီး ဆောင်ရွက်ရမလဲ' ဆိုတော့ ပါတီဥက္ကဋ္ဌကြီးက 'အဲသည်ကလေးဟာ အသက်ဘယ်လောက်၊ ဘယ်နှစ်ခုနှစ်မှာ မွေးတာလဲ၊ ဘယ်ဇာတိလဲ သေချာမေး၊ ပြီးရင် ငါ့ဆီချက်ချင်းပြန်ဆက်" လို့ ပြောပါတယ်တဲ့ ခင်ဗျ။

အရာရှိကြီးတွေလည်း လူငယ်ကို ထပ်ပြီး တိတိကျကျ သေသေချာချာမေး၊ ပြီးတော့ ပါတီဥက္ကဋ္ဌကြီးဆီ ပြန်ဆက်ကြတာပေါ့။

အသက်ကဘယ်လောက်၊ ဘယ်နှစ်ခုနှစ်မှာ မွေးတယ်၊ ဇာတိက အဲသည်မြို့နယ်ဘက်က ဘယ်ရွာဆိုတာလည်းပြောရော ပါတီဥက္ကဋ္ဌကြီးက ခဏစဉ်းစားတွက်ချက်ပြီးတော့ ပြန်ပြောပါတယ်တဲ့ ခင်ဗျာ။

"အေးကွ . . . ဒီကောင်လေးလည်း ငါ့သားဖြစ်နိုင်တယ်ကွ"

"ဟားဟား ဟားဟား ဟားဟား . . ."

"ဘုရား  ဘုရား  ဘုရား"

"အေး . . . ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ မင်းတို့အချစ်တော် 'မယက မအလ' ကိုမေးလိုက် . . . ဦးနေဝင်းလိုမျိုး မိန်းမ ဖောဖောသီသီ ယူရဲလားလို့ကွ . . . . အာဟ . . . အာဟ . . . အာဟ"

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013