DVB Logo
Home
မြန်မာသတင်း
အပြောတမျိုး အလုပ်တမျိုးလုပ်သည့် စစ်တပ်နှင့်ဆွေးနွေးရန်မရှိဟု အေအေ ပြော
DVB
·
May 20, 2022
အပြောတမျိုး အလုပ်တမျိုးလုပ်သည့် စစ်တပ်နှင့်ဆွေးနွေးရန်မရှိဟု အေအေ ပြော
Donate to DVB

အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မရှိတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားကိုကြည့်ပြီး လိုအပ်ရင် လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေပေမယ့် သူရဲ့ တပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့ပြီး အေအေအဖွဲ့ကို အချိန်မရွေးတိုက်ခိုက်နိုင်အောင်ပြင်ဆင်နေတာကြောင့်  အပြောနဲ့အလုပ်မညီတဲ့အတွက် စစ်တပ်နဲ့ အေအေကြား တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာမှာမဟုတ်ဘူးလို့ ခိုင်သုခက ပြောပါတယ်

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တကယ်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်တဲ့ အပြောအဆို အပြုအမူတွေကို လုပ်ဆောင်ဖို့လိုအပ်ပြီး ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတာတွေကို မရပ်တန့်ဘူးဆိုရင်လည်း ဘယ်လိုမှ ပြေလည်လာနိုင်ဖို့မရှိဘူးလို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ  “လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုတဲ့ စိတ်နေသဘောထား မြန်မာစစ်တပ်မှာ ရှိတယ်ဆိုရင် သူတို့အခုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အခုဒီတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ထားဖို့ ရေးကြီးတယ်။ ဒီလိုမှပဲ တဖက်နဲ့ တဖက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆီကို တဖြည်းဖြည်းချင်း ဦးတည်လာမှာဖြစ်တယ်။ အပြောနဲ့ အလုပ်မညီဘူးဆိုရင်တော့ ဘာမှ ဆက်လုပ်လို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ ကတော့ အဲလိုပဲသုံးသပ်တယ်၊ သူတို့ရဲ့ ပကတိ စိတ်နေသဘောထားကို ဖော်ပြနေတယ်လို့ ပြောလို့ရတယ်၊ ဒီအနေအထားနဲ့ကတော့ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ ဘယ်လိုမှ ယုံကြည်စိတ်ချလို့ မရတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့”

အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေဒုက္ခမရောက်စေချင်တာကြောင့် စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်နေတာဖြစ်ပြီး ပြဿနာဖြစ်လာရင်တော့ စစ်တပ်ကို အဆိုးမဆိုနဲ့လို့ မေလ ၁၉ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

“ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာ တက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့်  အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို  မကြာသေးခင်ကပဲ တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။

အခုလို အေအေအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲခေါ်တဲ့ပုံစံမျိုး တွေ့လာရသလို တိုင်းစစ်ဌာနချုပ်ကိုပါ ခြိမ်းခြောက်လာပြီးစစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေးတွေကို ဝင်ရောက်နှောင့်ယှက်တာတွေရှိတယ်လို့လည်း အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အားဖြည့်ဆည်းမှုတွေရှိနေသလို ရခိုင်ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်တာ ပြည်သူလူထုကို ဖိနှိပ်တာတွေလုပ်ဆောင်နေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပြီး  တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အခြေနေရှိနေပါတယ်။

ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေနားကို မသွားကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူမသွားကြဖို့ အေအေကထုတ်ပြန်ထားပြီး စစ်ရေးပြင်းထန်မှုအခြေအနေက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ ပဲမူတည်နေတယ်လို့ ခိုင်သုခ ကပြောပါတယ်။

“ဒီကိစ္စတွေဘာဆက်ဖြစ်မလဲဆိုတာကတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ်အများကြီးမူတည်ပါလိမ့်မယ်။ ကျနော်တို့ကတော့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှု အနေအထားကိုကြည့်ပြီးတော့မှ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ဒါတုံ့ပြန်သွားမှာဖြစ်ပါတယ်”လို့ခိုင်သုခက ပြောပါတယ်။

တဖက်မှာ အေအေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်မာနေချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အေအေစစ်ဦးစီးချုပ်ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တာဝန်ရှိသူတွေကတော့  အွန်လိုင်းကနေတွေဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013