DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အပါအဝင်အဖွဲ့အစည်းများ၏ပြောဆိုချက် အခြေအမြစ်မရှိဟု AA တုံ့ပြန်  
DVB
·
May 26, 2024
ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အပါအဝင်အဖွဲ့အစည်းများ၏ပြောဆိုချက် အခြေအမြစ်မရှိဟု AA တုံ့ပြန်  
Donate to DVB

လတ်လော ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး  ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေဟာ အခြေအမြစ် မရှိသလို တဖက်သတ်ဆန်တဲ့ စွပ်စွဲပြောဆိုမှုတွေ ဖြစ်တယ်လို့  အာရက္ခတပ်တော်(AA)က တုံ့ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော်(AA) တပ်တွေအကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ရိုဟင်ဂျာ ၄၅,၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် အဲလိဇဘက် သရော့ဆဲလ်က “ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ တိုက်ပွဲတွေကြောင့် မကြာသေးမီ ရက်တွေထဲမှာ အရပ်သား သောင်းချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ခန့်မှန်းခြေ ရိုဟင်ဂျာ ၄၅,၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက နတ်မြစ်ဧရိယာကို ထွက်ပြေးလာကြပြီး ခိုလှုံခွင့်ရဖို့ ကြိုးစားနေကြပါတယ်”လို့ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ အကြီးအကဲ ဂျိမ်းစ်ရုဒ်ဟီဗာကတော့ ဘူးသီးတောင်မြို့ အကြီးအကျယ် မီးလောင်ကျွမ်းသွားတယ်ဆိုတာကို ညွှန်ပြနေတဲ့ သက်သေခံချက်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ အွန်လိုင်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို  မြင်တွေ့ခဲ့ရပြီး ဒါဟာ စစ်တပ်က မြို့ကိုစွန့်ခွာပြီး ၂ ရက်အကြား မေ ၁၇ ရက်မှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။ မီးလောင်ကျွမ်းချိန်မှာ AA က မြို့ကိုထိန်းချုပ်ထားချိန်လို့လည်းဆိုပါတယ်။ 

ဘူးသီးတောင်မြို့ မီးလောင်ကျွမ်းမှုမတိုင်ခင်မှာလည်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင်၊ စစ်တပ်နဲ့ AA တပ်ဖွဲ့ နှစ်ခုလုံးကနေ ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့  ဂျိမ်းစ်ရိုဒ်ဟေဗာက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေအပြင် ပစ်ခတ်မှု၊ ခေါင်းဖြတ်သတ်မှု၊ နေအိမ်မီးရှို့မှု စတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန် ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ဘက်ကတော့ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေလို့ တုံ့ပြန်ပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခက "ဒါဟာ မှန်ကန်မှုမရှိပါဘူး။ အခြေအမြစ်မရှိတဲ့ လုပ်ကြံ ဖန်တီးသတင်းတွေပေါ်မှာ အခြေခံပြီးတော့ သူတို့ ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့အတွက် တဖက်သတ် စွပ်စွဲပြောဆိုနေကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တရားမျှတမှုလည်း မရှိသလို ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း အထောက်အကူမဖြစ်နိုင်ပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းခံဟာ စစ်ကောင်စီတပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ သိမ်းသွင်းပြီး စစ်ပွဲထဲမှာ သုံးခဲ့တယ်ဆိုတာ စစ်ကောင်စီက လုပ်ခဲ့တာပါ။ ပြီးတော့ ဘူးသီးတောင်မြို့မှာရှိနေတဲ့ ရခိုင်နဲ့ တခြားအမျိုးသားတွေရဲ့ အိမ်တွေကို ဖျက်ဆီးတယ်ဆိုတာကလည်း ရိုဟင်ဂျာတွေကို စစ်ကောင်စီက မြှောက်ပေးလို့ဆိုတာက အထောက်အထားတွေ ရှိပါတယ်။ အဲဒီကနေ ရိုဟင်ဂျာတွေ အခုလို ကူရာ ကယ်ရာမဲ့ဖြစ်နေလို့ တကယ်တမ်း အကာအကွယ်ပေးနေတာက AA ပါ။ ရိုဟင်ဂျာတွေကို လွတ်မြောက်တဲ့ ဒေသထဲမှာ လာရောက်ပြီးတော့ နေထိုင်ဖို့နဲ့ လုံခြုံရေးအကူအညီအစောင့်အရှောက်တွေ AA က ပေးထားတာ အခု အင်အားနှစ်သိန်းလောက် ရှိနေပါတယ်။ အဲဒီတော့ အဲဒါတွေကို ပစ်ပယ်ပြီးတော့ ဗမာပြည်ကိစ္စပြောရင် ရိုဟင်ဂျာကိစ္စ တခုတည်းအကြောင်းပဲ ပြဿနာဖြစ်နေသလိုလို ဘေးတီးတာတွေပေါ့ဗျာ။ တချို့သော NGO အဖွဲ့တွေ၊ မီဒီယာအဖွဲ့တွေကလည်း အဲဒါတွေ တပ်လှန့်နေတဲ့အခါကျတော့ ကုလသမဂ္ဂကပါ ဒီကိစ္စကို စိုးရိမ်ပြောဆိုလာတာတွေ ရှိတယ်။ အဲဒီတော့ အဲဒီလို ပြောဆိုနေတဲ့သူတွေကို ဗမာပြည်သူ ထောင်နဲ့ချီပြီးတော့ လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဘာလို့ မပြောကြတာလဲ။ အဲဒီတော့ ဒါက တော်တော့်ကို မတရားရဲ့ ချဉ်းကပ်မှု၊ မတရားတဲ့သုံးသပ်ချက်တွေဖြစ်တယ်။"

ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်နဲ့ သူတို့ စစ်သင်တန်းတွေပေးထားတဲ့ မွတ်ဆလင်တွေက ကျူးလွန်နေကြတာလို့လည်း AA က ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ အကြီးအကဲ ဂျိမ်းစ်ရုဒ်ဟီဗာကတော့  ကုလသမဂ္ဂ အနေနဲ့ ဘယ်သူတွေ ကျူးလွန်တာလဲဆိုတာရှင်းရှင်းလင်းလင်း သိရဖို့ သတင်းအချက်အလက်ရရှိရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတဦးကလည်း ဘူးသီးတောင်က ထွက်ပြေးလာတုန်းက အလောင်းတွေ ဒါဇင်ချီ မြင်ခဲ့ရတယ်လို့ပြောသလို နောက်တဦးကတော့ သောင်းနဲ့ချီတဲ့ တခြားသူတွေနဲ့အတူ ထွက်ပြေးချိန် မောင်တောမြို့အနက်ဘက်လမ်းမှာ  AA ရဲ့ ဟန့်တားခံခဲ့ရကြောင်း ပြောပါတယ်။

၂၀၁၇ တုန်းကလည်း မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာသိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပြီး  ဒီကိစ္စအတွက် မြန်မာနိုင်ငံဟာ ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဒီနေ့အထိ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေအနေနဲ့ အကူအညီတောင်းခံလာသူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိရောက်တဲ့ အကာအကွယ်ပေးကြဖို့၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့အတူ နိုင်ငံတကာကလည်း ညီညွတ်မှုပြသကြဖို့ တောင်းဆိုထားပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013