DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးရည်မှန်းချက်မရမချင်း တိုက်ပွဲဆက်ဖြစ်နေဦးမည်ဟု AA ပြော
DVB
·
June 10, 2024
နိုင်ငံရေးရည်မှန်းချက်မရမချင်း တိုက်ပွဲဆက်ဖြစ်နေဦးမည်ဟု AA ပြော
Donate to DVB

အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်မရမချင်း ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာဖြစ်ပြီး လူထုထောက်ခံမှုရှိတဲ့သူကိုသာ အစိုးရအဖြစ်သတ်မှတ်ကာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ AA ဘက်ကပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မာနိုင်ငံကိုယ်စားပြုအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တဲ့အတွက် လက်ရှိမှာ အာဏာသိမ်းစစ်တပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး အစိုးရ  နှစ်ရပ်ဖြစ်နေတာကြောင့် ဘယ်သူကို ULA/AA က အစိုးရအဖြစ်သတ်မှတ်ပြီး တွေ့ဆုံဆွေးနွေးမလဲလို့ DVB သတင်းဌာနကမေးတဲ့အခါမှာတော့   မြန်မာလူထုထောက်ခံမှုရှိတဲ့သူကိုသာ အစိုးရအဖြစ်သတ်မှတ်ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။

“မြန်မာပြည်သူတရပ်လုံးက ဘယ်သူ့ကိုအသိမှတ်ပြုသလဲ။ ဘယ်သူ့ကိုပိုပြီး လိုလားလဲ။ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်ချင်းရှိရှိနဲ့ တာဝန် ခံတာဝန်ယူပြီး ဆောင်ရွက်နိုင်သလဲဆိုတဲ့ အချက်တွေက ပိုပြီးအခရာကျပါတယ်။ ပြည်သူတွေအတွက် အစိုးရတာဝန်ကို ဘယ်သူယူနိုင်မလဲဆိုတဲ့အချက်အပေါ်မှာ မူတည်ပြီး ရွေးချယ်ရဖို့ ကျနော်အနေနဲ့ဖြေကြားလိုပါတယ်။”

အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်ကြတဲ့အခါမှာ ရခိုင်ပြည်နယ်ဟာ သီးခြားခွဲထွက်သွားတဲ့ နိုင်ငံအဖြစ်ထူထောင်ဖို့မရှိဘဲ ကွန်ဖက်ထရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းမျိုးကို ရယူသွားမှာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အခုချိန်ထိပြောင်းလဲခြင်းမရှိသေးသလို ဒီနိုင်ငံရေးရည်မှန်းချက်တွေ မရမချင်းတော့ ရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အာရက္ခတပ်တော်ဘက်က  ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့ကိုသာ ထပ်မံတိုက်ခိုက်ဖို့ရှိတော့တာကြောင့် ရခိုင်တပြည်နယ်လုံးနီးပါးကို ULA/AA က ထိန်းချုပ်ထားပြီးဖြစ်လို့  အနာဂတ်မြန်မာနိုင်ငံထဲမှာ ဘယ်လို ဆက်လက်နေထိုင်သွားမလဲဆိုတဲ့ မေးခွန်းအပေါ်အခုလို ပြောဆိုခဲ့တာပါ။

အာရက္ခတပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ပြည်သူလူထုလိုလားတဲ့ စစ်ရေးရည်မှန်းချက်တွေ ပြည့်ဝလာတဲ့အချိန်မှာ တိုက်ပွဲတွေဟာ အတိုင်းအတာတခုအထိ ရပ်တန့်သွားနိုင်ပါတယ်။ ULA/AA အနေနဲ့တော်လှန်ရေးကာလမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့ရတဲ့ အာရက္ခလူ့ဘောင်ကိုတည်ဆောက်သွားဖို့အတွက် ရက္ခိတလမ်းစဉ်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ အာရက္ခပြည်ထဲမှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံဟာ တန်းတူညီမျှရေး အခွင့်အရေးတာဝန်တွေကို ပီပြင်အောင်ဖော်ဆောင်ပြီးရင် အနာဂတ်ကို တည်ဆောက်ကြဖို့ဖြစ်ပါတယ်”လို့ DVB ကိုပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာတိုက်ပွဲတွေထပ်မံမဖြစ်ပွားဖို့နဲ့ ဒေသအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အာမခံချက်ရှိရေးဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပါတယ်။

အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံထူထောင်ရေး၊ ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အာရက္ခတပ်တော် (ULA/AA) တို့အကြား အခုချိန်ထိ တရားဝင် တွေ့ဆုံဆွေးနွေးတာတော့ မရှိသေးပါဘူး။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013