DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ၏ ဈာပန မေလ ၂၀ ရက် ကျင်းပမည်
DVB
·
May 19, 2022
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ၏ ဈာပန မေလ ၂၀ ရက် ကျင်းပမည်
Donate to DVB

ကွယ်လွန်သွားပြီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ  ဦးသုဝေရဲ့ ရုပ်အလောင်းကို မေလ ၂၀ ရက် မနက်ဖန် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်သွားမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

အသက် ၉၀ အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေဟာ မေလ ၁၈ ရက် မနေ့ ညနေ ၆ နာရီခွဲလောက်မှာ လူကြီးရောဂါနဲ့  ကွယ်လွန်ခဲ့တာပါ။

ဦးသုဝေဟာ အထက်တန်းကျောင်းသားဘဝကတည်းက ကွယ်လွန်ချိန်အထိ မြန်မာ့နိုင်ငံရေးမှာ အစဉ်တစိုက်ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းရာမှာ တထောင့်တနေရာကနေ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ဦးသုဝေရဲ့သမီးဖြစ်သူ ဒေါ်မေခလာသုဝေက “ဒယ်ဒီအနေနဲ့ကတော့ နိုင်ငံရေးကို ဟိုးအရင်းကတည်းက လုပ်လာတာ၊ လုပ်လာတာဆိုတော့ ဒယ်ဒီရဲ့ ဦးနှောက်ထဲမှာ သူက နိုင်ငံအတွက်ပဲ ဦးနှောက်ထဲမှာရှိတာလေ။ သားသမီးတွေ မိသားစုတွေက ဒီလောက်မဟုတ်ဘူး၊ ဒါပေမဲ့ ဒယ်ဒီကသမီးတို့အတွက်ကတော့ စံပြအဖေပါပဲ၊ မြန်မာနိုင်ငံပတ်သက်ရင်တော့ ဒယ်ဒီက သူ့ရဲ့နိုင်ငံကို အရင်းချစ်ပြီးတော့ အရမ်းကောင်း စေချင်တယ်”လို့ ပြောပါတယ်။ 

ဦးသုဝေကို  အဘဦးဘအုန်း အမိ ဒေါ်လှတင်တို့ကနေ ၁၉၃၂ ခု ဒီဇင်ဘာ ၃၁ ရက် တောင်ငူမှာ မွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အထက်တန်းကျောင်းသား ဘဝကတည်းက တောင်ငူခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်တောင်ငူခရိုင် အတွင်းရေးမှူး၊ ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ တွဲဖက်အတွင်းရေးမှူး စတဲ့တာဝန်တွေ ယူခဲ့သူ ဖြစ်ပါတယ်။

ဦးသုဝေဟာ ဖဆပလ အစိုးရခေတ်မှာ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီးမှာ  ရဲဘော်သုံးကျိပ်ဝင်  ဗိုလ်မှူးအောင်ဦးဆောင်တဲ့ ဒီမိုကရေစီပါတီမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးသုဝေကို စစ်အစိုးရက ၂ ကြိမ် ဖမ်းဆီးထောင်ချခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်  ၁၀ နှစ်လောက် ဖြတ်သန်းခဲ့ရပါတယ်။ 

ထောင်ကပြန်လွတ်လာပြီးနောက်  ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နဲ့အတူတည်ထောင်ခဲ့ပြီး  ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်အနိုင်မရခဲ့ပါဘူး။

ဦးသုဝေကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဗဟိုစည်းရုံးရေးမှူး ဒေါ်တင်တင်မြက “ဥက္ကဋ္ဌကြီး ဦးသုဝေဟာဆိုရင် မည်သည့်ဘက်မှ လာဘ်စားခြင်း၊ အပေးအယူလုပ်ခြင်း ဘယ်ပါတီနဲ့မှ ပေါင်းခြင်း  ဘယ်အစိုးရနဲ့မှပေါင်းခြင်းမရှိပါဘူး။ ရယူပြီးတော့ စားသောက်နေတဲ့ ဥက္ကဋ္ဌကြီးမဟုတ်ပါဘူး။ ဥက္ကဋ္ဌကြီးဟာ တကယ့်နိုင်ငံရေးသမားစစ်စစ်ဖြစ်ပါတယ်။ အန်တီတို့လည်း ဥက္ကဋ္ဌကြီးနဲ့ လက်တွဲလာတာ အနှစ် ၃၀ လောက်ကြာခဲ့ပါပြီ။ ဥက္ကဋ္ဌကြီးဟာ ဗမာပြည်ရဲ့နိုင်ငံရေးကို အစဉ်တစိုက် လုပ်ဆောင်လာတဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ 

ဦးသုဝေဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားပြုပြီး   ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှာ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ 

ဦးသုဝေဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်မြသန်းနဲ့အတူ သမီးတစ်ယောက်နဲ့သား ၂ နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013