
ကွယ်လွန်သူ သီးလေးသီးအဖွဲ့ဝင် ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီးရဲ့ ဈာပနအခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ လူရွှင်တော် ပန်းသီးရဲ့ ဈာပန အခမ်းအနားကို မိတ်ဆွေ ဟာသလူရွှင်တော်တွေအပြင် အနုပညာအသိုက်အဝန်းက မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ဝါရင့်လူရွှင်တော် ဇာဂနာ ဦးဆောင်ဖွဲ့စည်းပေးခဲ့တဲ့ သီးလေးသီးအဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ စစ်အာဏာရှင်ခတ်ကာလကပင် နိုင်ငံရေးပြက်လုံးတွေကြောင့် လူသိများထင်ရှားခဲ့တဲ့ အငြိမ့်အဖွဲ့တခု ဖြစ်ပြီး လူရွှင်တော်တွေအဖြစ် ပန်းသီး၊ စိန်သီး၊ ကြယ်သီး၊ ဇီးသီး တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်အရွယ် လူရွှင်တော် ပန်းသီး (အမည်ရင်း ဦးမျိုးဇော်)ဟာ မေ ၂၉ ရက် နေ့လယ်ပိုင်းက Grand Hantha ဆေးရုံမှာ ကွယ်လွန်ချိန်သွားတာဖြစ်ပြီး ကွန်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားတယောက်၊ သမီးတယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။










