DVB Logo
Home
မြန်မာသတင်း
NUG က ဧပြီလအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၀၀ ကျော် ထောက်ပံ့
DVB
·
May 19, 2022
NUG က ဧပြီလအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၀၀ ကျော် ထောက်ပံ့
1 / 3
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ်သန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက် ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေ၊ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းတွေအပါအဝင် ထိခိုက်လွယ်အုပ်စုတွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အ တတ်နိုင်ဆုံး ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ထောက်ပံ့မှုမှာတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ် ၃ ခုကို ထောက်ပံ့မှု အများဆုံးပြုလုပ်ခဲ့ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက လူဦးရေ ၉၇,၅၂၉ ယောက်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေကို ၆၅ ဒသမ ၁၆ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ၁၆ ဒသမ ၇၈ သန်း၊ ထိခိုက်လွယ်အုပ်စုဝင် CDM ဝန်ထမ်းတွေကို ၄ ဒသမ ၂၂ သန်း၊ ထိခိုက် လွယ်ပြည်သူတွေနဲ့ မိသားစုဝင်တွေကို ၁၁ ဒသမ ၃၅ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူအညီတွေအတွက် ၂ ဒသမ ၈၇ သန်းစီ ထောက်ပံ့နိုင်ခဲ့တာပါ။

ခုလို ထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ စေတနာ့ဝန်ထမ်း ပြည်သူ တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေ ၂ ရက်အထိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ စုစုပေါင်း ၉ သိန်းကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာ မရရှိနိုင်တာကြောင့် တချို့ နေရပ်စွန့်ခွာသူတွေဟာ မူလနေထိုင်ရာဒေသတွေဆီ ပြန်နေ ကြပေမယ့် ဒေသတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ဟာ နေရပ်စွန့်ခွာရတာတွေ တကျော့ပြန်လည် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013