DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု ဒေါ်လာ ၅ သန်းဖိုးရပြီဟု NUG ထုတ်ပြန်
DVB
·
May 18, 2022
စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု  ဒေါ်လာ ၅ သန်းဖိုးရပြီဟု  NUG ထုတ်ပြန်
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို ရောင်းချနေရာမှာ သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ အမေရိကန်ဒေါ်လာ ၅ သန်းဖိုး ရှယ်ယာရောင်းထားရပြီးဖြစ်တာမို့ ၅၀ ရာခိုင်နှုန်းကို ပြည်သူတွေက ဝယ်ယူပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်ထိ ရှယ်ယာရောင်းချရမှုတွေထဲက ၈၇ ရာခိုင်နှုန်းကို ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေ ဝယ်ခဲ့ကြပြီး ၁၃ ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံသားဟောင်းတွေအပါအဝင် နိုင်ငံခြားသားတွေက ဝယ်ယူခဲ့ကြကာ ရှယ်ယာအစုအများဆုံး ၅၅၄ စု (ဒေါ်လာ ၅ သောင်းခွဲဖိုး) ဝယ်ယူသူကစလို့ အများဆုံး ဝယ်ယူသူ ၁၀ ယောက်ကို ဖော်ပြထားပါတယ်။

အဲဒီ ၁၀ ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ပြည်တွင်းနဲ့ ပြည်ပက တဝက်လောက်စီ ပါဝင်တယ်လို့ The End of Dictatorship-EOD က ပြောပါတယ်။

“တော်လှန်ရေးအတွက် အထောက်အပံ့များစွာဖြစ်စေမယ့်  ရှယ်ယာများကို ဝယ်ယူခဲ့ကြတဲ့ ပြည်သူများ၊ အခက်အခဲ များစွာကြားမှ ဝယ်သူများအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးပြီး တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးမှာ စွမ်းစွမ်းတမံ ပါဝင်ပေးနေတဲ့ EOD ရှယ်ယာကိုယ်စားလှယ်များ၊ EOD လုပ်ငန်းစဥ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးနေတဲ့ အသိပညာရှင်အတတ်ပညာရှင် EOD  အဖွဲ့သားများ အားလုံးကို လေးစားစွာ ဦးညွှတ်လိုက်ပါတယ်၊၊”

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013