DVB Logo
Home
မြန်မာသတင်း
ကိုရီးယားနိုင်ငံက ပေးအပ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင် လက်ခံရယူ
DVB
·
May 18, 2022
ကိုရီးယားနိုင်ငံက ပေးအပ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်  လက်ခံရယူ
Donate to DVB

၂၀၂၂ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု  Gwangju Prize ပေးအပ်ချီးမြှင့်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ မေ ၁၈ ရက် ဒီကနေ့ ကျင်းပရာ ဒေါက်တာစင်သီယာမောင် ကိုယ်တိုင်သွားရောက် လက်ခံရယူခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသား ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်ကူညီပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို တောင်ကိုရီးယားနိုင်ငံက ၂၀၂၂ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ပေးအပ် ချီးမြှင့်ခဲ့တာပါ။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ကမ္ဘာတဝန်း သွေးစည်းညီညွတ်ရေးအတွက် မြှင့်တင်လုပ်ဆောင်နေတဲ့ ဂွမ်ဂျူးမြို့ ဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ တည်ထောင်ထားတဲ့ မေ ၁၈ အမှတ်တရဖောင်ဒေးရှင်းကနေ အခုလို ဆုရွေးချယ် ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်လက်အောက်မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတိုးတက်မှုတွေဟာ လမ်းကြောင်းပြောင်းသွားပြီး အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်။ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်တပ်က နှိပ်နင်း ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ခုခံတော်လှန်မှုတွေပေါ်ပေါက်လာကာ ခုခံတော်လှန်သူတွေကို စစ်တပ်က ဖိနှိပ်တဲ့ ဗျူဟာကျင့်သုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူတွေအများအပြား အိုးအိမ်တွေဆုံးရှုံး၊ ကျေးရွာတွေ မီးရှို့ခံခဲ့ရကာ လူဦးရေ ၁ သန်းလောက် နေစရာမဲ့ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာစင်သီယာမောင်က ဆုပေးပွဲအခမ်းအနားမှာ  မိန့်ခွန်း ပြောပါတယ်။

မယ်တော်ဆေးခန်းမှာ အတူလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေနဲ့ အကူညီပေးခဲ့ကြတဲ့ မိတ်ဘက်အဖွဲ့အစည်းတွေကို ကျေးဇူးတင်တဲ့အကြောင်း လူ့လောက၊ လူသားဂုဏ်သိက္ခာ၊ အရပ်သားပြည်သူတွေရဲ့ စွမ်းရည်မြင့်တင်ရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းလုပ်ဆောင်သွားမယ်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကာကွယ်လိုအပ်နေတဲ့ အထောက်အထားမရှိသူတွေရဲ့ အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ အခုအချိန်ဟာ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့အချိန်ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ ကျူးလွန်မှုတွေကို အပြစ်မပေးခံရတာနဲ့ တရားမမျှတမှုတွေအတွက်  ဆက်လက်ခွင့်မပြုသင့်တော့ဘူးလို့လည်း ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါက်တာစင်သီယာမောင်ရဲ့ လူသားချင်းစာနာမှု လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေရဲ့ ဘဝတွေကို ကယ်တင်ပေးရာရောက်ပြီး အနာဂတ် မြန်မာပြည်အတွက် မျှော်လင့်ချက် ဖြစ်လာပြီလို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၄ ခုနှစ်က ရရှိခဲ့ဖူးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၂၀၀၉ ခုနှစ်မှာ ရှရှိခဲ့ဖူးပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ အာရှရဲ့ နိုဘယ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ဆုတွေ အများအပြားလည်း ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013