DVB Logo
Home
Lead Story
ဒေါက်တာစင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်း အိုကီနာဝါငြိမ်းချမ်းရေးဆု ရရှိ
DVB
·
August 23, 2026
Photo: Mae Tao Clinic
Photo: Mae Tao Clinic
Donate to DVB

ထိုင်း-မြန်မာနယ်စပ်နေ မြန်မာပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းကို (၁၃) ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုရှင်အဖြစ် ဆုံးဖြတ်ရွေးချယ်လိုက်တယ်လို့ အိုကီနာဝါ ငြိမ်းချမ်းရေးဆု ကော်မတီက ဩဂုတ် ၂၁ ရက်မှာ ကြေညာပါတယ်။

ပြည်ပအဖွဲ့အစည်းတခုကို အခုလို ဆုချီးမြှင့်တာဟာ အိုကီနာဝါ ငြိမ်းချမ်းရေးဆု သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကမ္ဘာမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ တိုးပွား၊ မညီမျှမှုတွေ ကြီးထွားလာချိန်မှာ မယ်တော်ဆေးခန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ အိုကီနာဝါ ငြိမ်းချမ်းရေးဆုရဲ့ မူဝါဒဖြစ်တဲ့ “လူသားလုံခြုံရေး ဖော်ဆောင်မှုကို မြှင့်တင်ရန်” ဆိုတဲ့ အချက်နဲ့ကိုက်ညီတဲ့အတွက် အမြင့်မားဆုံး အကဲဖြတ် အသိအမှတ်ပြုခြင်းခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာရှိပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ မြန်မာပြည်တွင်းက ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုနဲ့ အကူအညီတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒီဆေးခန်းကို ရှစ်လေးလုံးအရေးတော်ပုံအပြီး နယ်စပ်ကိုရောက်လာတဲ့ ဒေါက်တာစင်သီယာမောင်နဲ့ ABSDF ကျောင်းသားတပ်မတော် အဖွဲ့ဝင်တွေက ၁၉၈၉ ခုနှစ်မှာ သာမန်ယာယီဆေးခန်းငယ်တခုအဖြစ် စတင်ဖွင့်လှစ်ခဲ့တာပါ။

ဒီနောက် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ကာ လက်ရှိမှာ အထွေထွေရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ကလေးကျန်းမာရေး၊ သားဖွားမီးယပ်၊ သွားဘက်ဆိုင်ရာ၊ မျက်စိ၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ပြန်လည်သန်စွမ်းရေး၊ အရေးပေါ်ဆေးကုသမှု စသဖြင့် တိုးချဲ့ဆောင်ရွက်နေပါတယ်။

မယ်တော်ဆေးခန်းအနေနဲ့ နှစ်ပေါင်း ၃၅ နှစ်ကျော်အတွင်း ငှက်ဖျားရောဂါကုသမှု ၇၀,၀၀၀ ကျော်၊  ကလေးမွေးဖွားမှု ၅၀,၀၀၀ ကျော် အပါအဝင် ဆေးကုသမှုပေါင်း ၂ ဒသမ ၅ သန်းကျော်ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် စာရင်းတွေအရ ဆေးကုသမှုအကြိမ်ရေ ၁၂၆,၈၄၇ ကြိမ်၊ ဆေးရုံတက်ရောက်ကုသမှု ၈,၇၃၅ ကြိမ်နဲ့ လူနာဦးရေ ၅၀,၆၉၉  ယောက် ရှိခဲ့ပါတယ်။

မယ်တော်ဆေးခန်းကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံတင်မကဘဲ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်မှု၊ ဘေးကင်းလုံခြုံသော လူနေမှုဘဝ ထောက်ပံ့ပေးမှု၊ မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ အကူအညီတွေလည်း ပေးနေတာဖြစ်ပါတယ်။

ဒီလို ဘက်စုံစောင့်ရှောက်မှု အကူအညီတွေဟာ နယ်စပ်နေ မြန်မာပြည်သူတွေရဲ့ နားခိုရာနေရာနဲ့ လူမှုအသိုက်အဝန်း ဖန်တီးပေးတဲ့အထိ တန်ဖိုးမဖြတ်နိုင်တဲ့ တခုတည်းသောအရာဖြစ်ပြီး မြန်မာပြည်သူတွေ ရှင်သန်နေထိုင်နိုင်ရေးကို အထောက်အကူပြုပေးနေတဲ့ မယ်တော်ဆေးခန်းရဲ့ ဆောင်ရွက်ချက်တွေဟာ လူသားလုံခြုံရေးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနေတာလို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဂျပန်နိုင်ငံ အိုကီနာဝါမှာလည်း ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်များစွာ ကျန်ရစ်ခဲ့တဲ့ စစ်ပြီးခေတ်မှာ ဆင်းရဲနွမ်းပါးမှုကြောင့် လူသားလုံခြုံရေး ခြိမ်းခြောက်ခံခဲ့ရတဲ့ သမိုင်းကြောင်းရှိခဲ့ကာ လက်ရှိမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ ထိန်းသိမ်းခြင်း စိန်ခေါ်မှုကို ဆက်လက်ရင်ဆိုင်နေရဆဲပဲလို့ဆိုပါတယ်။

ဒီလိုနောက်ခံသမိုင်းကြောင်းရှိတဲ့ အိုကီနာဝါအတွက် ဆေးခန်းစတင်တည်ထောင်ချိန်ကစပြီး ဒီနေ့အထိ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တဲ့ မြန်မာပြည်သူတွေအပေါ် အခြေခံလူထုအဆင့် ကူညီစောင့်ရှောက်တဲ့ မယ်တော်ဆေးခန်းရဲ့ ဆောင်ရွက်ချက်တွေဟာ အပြည့်အဝ စာနာနားလည်နိုင်ဖွယ်ဖြစ်ပြီး ချီးကျူးဂုဏ်ပြုထိုက်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

အိုကီနာဝါ ငြိမ်းချမ်းရေးဆု ကော်မတီဟာ မယ်တော်ဆေးခန်းရဲ့ ဒီနေ့အထိ ဆောင်ရွက်ခဲ့တဲ့ လှုပ်ရှားမှုတွေအပေါ် အလေးအနက် ဂါရဝပြုကြောင်းနဲ့ မယ်တော်ဆေးခန်းရဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးကို ဖန်တီးပုံဖော် ဆက်လက် အကျိုးပြုနိုင်ပါစေဖို့  အထူးဆုမွန်ကောင်း တောင်းတယ်လို့လည်းဆိုပါတယ်။

အိုကီနာဝါငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ နာဟာမြို့ မှာ အောက်တိုဘာ ၁၉ ရက်နေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆုကြေးငွေ ဂျပန်ယန်းငွေ ၁၀ သန်းလည်း ပေးအပ်မယ်လို့ သိရပါတယ်။ 

မယ်တော်ဆေးခန်းတည်ထောင်သူ ဆေးရုံအုပ် ဒေါက်တာစင်သီယာမောင်ရဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်ချက်တွေကို အားပေးဂုဏ်ပြုတဲ့အနေနဲ့  အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ကြတဲ့  ရေမွန်မက်ဆေးဆေးဆု အပါအဝင် ဂုဏ်သိက္ခာရှိတဲ့ ဆုများစွာကို နိုင်ငံတကာက ပေးအပ်ချီးမြှင့်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မယ်တော်ဆေးခန်းအနေနဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလို တခြားလိုအပ်တဲ့ ကျန်းမာရေးဌာနတွေကိုတိုးချဲ့ ဆောင်ရွက်ခြင်းနဲ့အတူ နေ့စဥ်ကုသမှုပိုင်းဆိုင်ရာတွေကို ကျန်းမာရေးဌာနတွေအားလုံးက ဆက်လက်ထိန်းသိမ်း၊ ကြိုးစားဆောင်ရွက်နေတယ်လို့ အိုကီနာဝါ ငြိမ်းချမ်းရေးဆုရရှိတာနဲ့ ပတ်သက်ပြီး မယ်တော်ဆေးခန်းက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013