DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း လက်နက်နှင့်ရိက္ခာ အမြန်ပံ့ပိုးပေးရန် NUG ထံ တောင်းဆို
DVB
·
May 18, 2022
စစ်ကိုင်းတိုင်းအတွင်း လက်နက်နှင့်ရိက္ခာ အမြန်ပံ့ပိုးပေးရန် NUG ထံ တောင်းဆို
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက အဆိုးရွားဆုံးနည်းလမ်းတွေနဲ့ အကြမ်းဖက်နေပြီး အရေးပေါ်အခြေအနေ ဖြစ်လာတာကြောင့် လက်နက်နဲ့ရိက္ခာတွေ အမြန်ပံ့ပိုးပေးဖို့ NUG ကို ဒေသတွင်း PDF တချို့နဲ့ ပရဟိတသမားတွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အဆိုးဆုံးရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး အချိန်တနှစ်ကျော်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်နက်နဲ့ရိက္ခာ မလုံလောက်တဲ့ အခက်အခဲ ကြုံတွေ့နေရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းကို ထောက်ပို့တာတွေ ရှိပေမယ့် ခုခံစစ်အတွက် လုံလောက်တဲ့ အခြေအနေမရှိသေးဘူးလို့ ယင်းမာပင် ဗိုလ်သူရိန် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“အစ်ကိုတို့အနေနဲ့ NUG အထိ ဘယ်လို တောင်းဆိုချင်လဲဆိုရင် မြေပြင်မှာလည်း တကယ်လက်တွေ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါကလည်း ပါးစပ်ပြောမဟုတ်ဘဲနဲ့ လက်တွေ့တိုက်ပွဲတိုင်းမှာ မှတ်တမ်းတင်တဲ့ အချက်အလက်တွေ ရှိတယ်။ NUG ကို တောင်းဆိုချင်တာက NUG အနေနဲ့ ကျနော်တို့ကို လက်နက်ပိုင်းဆိုင်ရာအတွက် တိုက်ရိုက် ပိုက်ဆံ ငွေကြေး ထောက်ပို့စရာ မလိုဘူး။ ရော့ ဒီမှာ လက်နက်ဘယ်လောက် တိုက်ရိုက်ချပေးတဲ့ အနေအထားမျိုး တောင်းဆိုချင်တယ်။ အစ်ကိုတို့အနေနဲ့ ငွေချပေးမှ မဟုတ်ဘူး၊ အစ်ကိုတို့ ငွေမလိုဘူး၊ အစ်ကိုတို့အဖွဲ့အစည်းက စီးပွားရေးလုပ်စားနေတာ မဟုတ်ဘူး၊ အာဏာရှင်ကို တွန်းလှန်နေတဲ့အချိန်မှာ လက်နက်ပဲ အရေးကြီးတယ်။ အဲ့ဒီတော့ လက်နက်ကိုပဲ အစ်ကိုတို့အနေနဲ့ NUG ကို တောင်းဆိုချင်တယ်။”

စစ်ကိုင်းဒေသတွင်း စစ်ဘေးရှောင်ပြည်သူ အရေအတွက် နေ့စဉ် ရာထောင်ချီ တိုးမြင့်လာနေတာပါ။ ဒီစစ်ဘေးရှောင်တွေကို ကူညီဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေနဲ့ ပရဟိတသမားတွေက ကြိုးစားနေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက် ခံမဟုတ်ရင် အလှူရှင်တွေရဲ့ ယုံကြည်မှုကိုရဖို့ ခက်ခဲတယ်လို့ ခင်ဦးဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

“ကျမတို့လည်း အကူအညီ ဘယ်ကများရနိုင်မလဲ လိုက်ပြီးတော့ အကူအညီတောင်းတာပေါ့။ သက်ဆိုင်တဲ့သူ ဘာညာ။ ဒါပေမဲ့လည်း Personally လှူတာလောက်ပဲ ရှိတယ်။ နာမည်မရှိလို့တို့ NUG လက်အောက်မဟုတ်လို့တို့ အကူအညီတွေက မရဘူးလေ။ လှူတဲ့သူတွေကလည်း NUG လက်အောက်မဟုတ်ရင် မလှူကြဘူး၊ မကူကြဘူးဆိုတဲ့ ပုံစံကများတာကိုး။ အညာသားတွေ ဖြစ်တဲ့အတွက် သူတို့က PR Skill က မကောင်းကြဘူး။ ကောင်းကောင်းမွန်မွန် ငွေရဖို့ ဘာညာ မလုပ်နိုင်ကြဘူး။ သူတို့ဘာသူတို့လည်း တိုက်ရင်းနဲ့ ပြေးရင်းနဲ့ အဲဒီလိုမျိုးလေးတွေ ဖြစ်နေကြတာပေါ့။”

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးသင့်ပြည်သူ ၁ သန်းနီးပါးရှိနေပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းအပါအဝင် အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်နေပါတယ်။ 

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး အခုနှစ်ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းနေရာပေါင်း ၂၉၆ နေရာလောက်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်ဆီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013