DVB Logo
Home
မြန်မာသတင်း
အပ်ငွေစာရင်းဟောင်းထဲ ထပ်ထည့်ငွေကို ရက်ချိန်းမလို၊ အကန့်အသတ်မရှိထုတ်နိုင်ဟု KBZ Bank ကြေညာ
DVB
·
May 17, 2022
အပ်ငွေစာရင်းဟောင်းထဲ ထပ်ထည့်ငွေကို ရက်ချိန်းမလို၊ အကန့်အသတ်မရှိထုတ်နိုင်ဟု KBZ Bank ကြေညာ
Donate to DVB

အရင်ကဖွင့်လှစ်ထားတဲ့ ဘဏ်အပ်ငွေစာရင်းဟောင်းတွေထဲ ထပ်မံအပ်နှံထည့်သွင်းတဲ့ ငွေသားတွေကို ထည့်သွင်းတဲ့ ပမာဏအတိုင်း ကန့်သတ်ချက်မရှိ၊ ရက်ချိန်းယူဖို့မလိုဘဲ ငွေသားပြန်လည်ထုတ်ယူနိုင်ပြီလို့ ကမ္ဘောဇဘဏ်က မေလ ၁၇ ရက်မှာ  ကြေညာပါတယ်။

အရင်က ငွေစာရင်းအကောင့်သစ်ကို ထည့်သွင်းအပ်နှံတဲ့ ငွေသားကိုသာ ရက်ချိန်းယူစရာ မလိုအပ်ဘဲ ထုတ်ယူခွင့် ပေးထားရာကနေ အခုအခါ ဘဏ်အပ်ငွေစာရင်းဟောင်းတွေထဲ ထပ်မံအပ်နှံထည့်သွင်းတဲ့ ငွေသားတွေကို ထုတ်ယူခွင့်ပြုလိုက်တာပါ။

“အကောင့်ဟောင်းထဲ ထပ်ထည့်တဲ့ငွေကိုပဲ ထုတ်ပေးမှာဆိုတော့။ ဘဏ်စာရင်းထဲရှိထားတဲ့ ငွေကတော့ တိုကင်ယူရဦးမယ့်သဘောပဲ။ မလည်ရှုပ်ပါဗျာ” လို့ ဘဏ်အသုံးပြုသူတယောက်က မှတ်ချက်ပြုပါတယ်။

အလားတူ ပုဂ္ဂလိကဘဏ်တချို့ကလည်း ဘဏ်စာရင်းဟောင်း အပ်ငွေထဲက ငွေတွေကို  ရက်ချိန်းယူစရာမလိုဘဲ အကန့်အသတ်နဲ့ ငွေသား ပြန်လည်ထုတ်ယူနိုင်ကြောင်း မကြာသေးခင်က အသိပေး ကြေညာခဲ့ကြပါတယ်။

ဒါပေမဲ့  သတ်မှတ်ထားတဲ့ ဘဏ်ခွဲတချို့မှာပဲ ပမာဏကန့်သတ်ချက်နဲ့ ငွေသားထုတ်ယူခွင့် ပြုထားတာပါ။

“ဘဏ်ခွဲတိုင်း မဟုတ်ဘူး။ သူတို့ သတ်မှတ်ထားတဲ့ ဘဏ်ခွဲတွေမှာပဲ ရတာ။ ရန်ကုန်မှာဆိုရင် မြို့တွင်းက ဘဏ်ခွဲတွေမ ပါဘူး။ ကွမ်းခြံကုန်းတို့၊ တွံတေးတို့ဘက်က ဘဏ်ခွဲတွေမှာပဲ တုံကင်ယူစရာမလို ထုတ်ခွင့်ပေးထားတာ”လို့ CB Bankအသုံးပြုသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်နည်းလာပြီး ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာကနေ ဘဏ်တွေမှာ ငွေသားရှားပါးမှု ကြုံလာပြီး ဘဏ်အသုံးပြုသူတွေကို ငွေလိုသလောက် ထုတ်မပေးနိုင်တော့တဲ့ အခြေအနေဟာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ငွေသားထုတ်ယူဖို့အတွက် အွန်လိုင်းကနေ booking လျှောက်ပြီး Token(တုံကင်) ယူရတဲ့စနစ်၊ Phone booking ယူရတဲ့စနစ်တွေနဲ့သာ ဘဏ်အသုံးပြုသူတွေက မိမိဘဏ်အပ်ငွေကို ခက်ခက်ခဲခဲ ထုတ်ယူနေရတာ ဖြစ်ပါတယ်။ 

အကျိုးဆက်အနေနဲ့ ဘဏ်အကောင့်ထဲကငွေကို ငွေသားနဲ့လဲလှယ်တဲ့ စျေးကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်ထိ  ငွေထုတ်ယူရခက်တဲ့ပြဿနာ  ကြုံနေရဆဲ ဖြစ်သလို ပြည်သူတွေအနေနဲ့ ဘဏ်စနစ်အပေါ် ယုံကြည်မှုနည်းတာ၊ ဘဏ်အကောင့် ပိတ်ခံရနိုင်ခြေရှိနေတာ၊ ငွေထုတ်ယူရ ခက်ခဲတာ စတာတွေကြောင့် ဘဏ်မှာငွေအပ်နှံဖို့ကို စိတ်ဝင်စားမှု နည်းပါးနေကြပါတယ်။

အဲဒီလို ငွေအပ်နှံမှုရှားပါးတာကြောင့်  အပ်ငွေအပေါ် အတိုးနှုန်း တိုးမြှင့်တာတွေကို ဘဏ်တွေက လုပ်ဆောင်လာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013