DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းလူထုကို ထိခိုက်နစ်နာစေလိုသည့်ဆန္ဒမရှိဟု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီပြော
DVB
·
May 14, 2022
ပအိုဝ်းလူထုကို ထိခိုက်နစ်နာစေလိုသည့်ဆန္ဒမရှိဟု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီပြော
Donate to DVB

ပအိုဝ်းလူမျိုးနဲ့ ပအိုဝ်းဒေသရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုပြီး လက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြားဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ပအိုဝ်း ပြည်သူလူထုကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒ လုံးဝမရှိဘူးလို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ပအိုဝ်း ပြည်သူလူထုတွေ အားလုံးကို လိပ်မူပြီး မတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အိတ်ဖွင့်ပေးစာမှာ ပြောဆိုလိုက်တာပါ။

လက်ရှိအချိန်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ ကရင်နီပြည်က အင်အားစု အသီးသီးတို့ကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကရင်နီပြည်ထဲကို အင်အားတိုး ထိုးစစ်ဆင်နေလို့ အပြစ်မဲ့ပြည်သူ ၃၀၀ လောက်နဲ့ အိုးအိမ် ၅၀၀ ကျော် ထိခိုက်ပျက်စီးနေတယ်လို့ ဆိုပါတယ်။

အခု အချိန်ထိ စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ စစ်ကြောင်းထိုးရာနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ပြီး ဒီအခြေအနေတွေကိုလည်း ပအိုဝ်း ပြည်သူတွေနဲ့ ပအိုဝ်းတပ်ဖွဲ့တွေက သိရှိပြီး ဖြစ်မယ်လို့ ယုံကြည်ကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီက ဆိုပါတယ်။

ကရင်နီပြည်က လူမျိုးပေါင်းစုံရဲ့ စစ်ဘေးဒုက္ခတွေကို ပအိုဝ်း ပြည်သူလူထုနဲ့ သက်ဆိုင်ရာတို့က နည်းလမ်းပေါင်းစုံနဲ့ ကူညီစောင့်ရှောက်ထားနေတာကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပြီး ပအိုဝ်းလူမျိုးစု အများစုနေထိုင်ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲမှာ တည်ငြိမ်အေးချမ်းလိုတဲ့ ဆန္ဒကိုလည်း နားလည်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတာဟာ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ ရွေးချယ်မှုဖြစ်သလို ကရင်နီပြည်က အင်အားစုတွေရဲ့ ရွေးချယ်မှုလည်း ဖြစ်တာကြောင့် ကရင်နီပြည် နယ်စပ်တွေမှာဖြစ်ဖြစ်၊ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကရင်နီပြည်ထဲကို ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေမှာဖြစ်ဖြစ် ထိပ်တိုက် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တယ် လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် လမ်း၊ တံတား၊ အပြစ်မဲ့ပြည်သူတွေနဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးနိုင်လို့  ပအိုဝ်းတိုင်းရင်းသားအပါအဝင် ပြည်သူတွေ   အားလုံးအတွက် စိုးရိမ်မိသလို အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အိုးအိမ်တွေ မီးရှို့တာတွေက အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ် ပေါ်လစီတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ပအိုဝ်းအမျိုးသားတွေ၊ အသင်းအဖွဲ့တွေနဲ့ ပြည်သူလူထု အားလုံးအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တည်ရှိရာနေရာတွေနဲ့ တတ်နိုင်သမျှ ရှောင်ရှား နေထိုင်ကြဖို့၊  အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲမလှုပ်ရှားဖို့၊ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ကရင်နီပြည်ထဲကို အင်းအားတိုးချဲ့နေတာကို ဟန့်တားဖို့ ဒါမှမဟုတ် ရှောင်ရှားကြဖို့ကိုလည်း တိုက်တွန်းပန်ကြားလိုက်ပါတယ်။

ကရင်နီပြည်သူလူထု၊ တပ်ဖွဲ့တွေနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ အဖွဲ့အစည်းဝင်တွေဟာ ပအိုဝ်းလူမျိုးနဲ့ ပအိုဝ်းဒေသရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုပြီး အခုတိုက်ပွဲတွေနဲ့ နောင်ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေဟာ  ပအိုဝ်းပြည်သူလူထုကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒ လုံးဝမရှိသလို ပအိုဝ်း လူမျိုးရေးနဲ့ ပအိုဝ်းနယ်မြေရေးဆိုင်ရာတွေကို ကျူးကျော်လိုတဲ့ တိုက်ပွဲတွေလည်း လုံးဝမဟုတ်ဘူးလို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013