DVB Logo
Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃ ဦးသေပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ ဒေသခံ ၂ ယောက်ကို စစ်တပ်ကဖမ်းဆီး
DVB
·
May 14, 2022
ရေစကြိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃ ဦးသေပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊  ဒေသခံ ၂ ယောက်ကို စစ်တပ်ကဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မေ ၁၀ ရက်မှ ၁၃ ရက်အထိ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြင်းခြံ MG6-ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသကို မေလ ၈ ရက် လောက်ကစလို့ အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာကြောင့်  MG6-ပြောက်ကျားတပ်ဖွဲ့နဲ့ ရေလယ်ကျွန်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ MG6-ပြောက်ကျား တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ကိုချမ်းက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ၃ ရက် စလုံးကို ကျနော်ကိုယ်တိုင် ဦးဆောင်ကြီးကြပ်ပြီး တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့ဘက်က စနိုက်ပါနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိပါတယ်။ လက်နက်တွေ မိုင်းတွေနဲ့ တိုက်ခိုက်ရာမှာလည်း ထိခိုက်သေဆုံးသူ များပြားနိုင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အလောင်းတွေကို ရွာထဲတွေမှာ စောင်တွေ၊ အဝတ်တွေနဲ့ပတ်ပြီး ဒီအတိုင်းထားခဲ့တာရှိသလို ရေထဲမျောလိုက်တာရှိကြောင်းနဲ့  စစ်ကောင်စီတပ်ထံကနေ G3 သေနတ် ၁ လက်၊ အူစီသေနတ် ၂ လက်၊ ကျည်ဆန်တွေ၊ ဗုံးသီးတွေနဲ့  ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ MG6-ပြောက်ကျားတပ်က ပြောပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရေလယ်ကျွန်း ဒေသခံ ပြည်သူတစ်ယောက်က “ ရေလယ်ကျွန်းဒေသမှာ ကျေးရွာပေါင်း ၄၃  ရွာလောက်ရှိတာဗျ။ စစ်(...)တွေ မီးမရှို့တဲ့ ရွာ မရှိသလောက်ဘဲ။ လေးငါး ရွာလောက်ပဲကျန်မယ်ထင်တယ်။ ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီး ပစ်ခတ်တာကြောင့် အသက်လုပြီး ထွက်ပြေးလာခဲ့ရတယ်။ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းတွေနဲ့ ကလေးငယ်တွေကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထမ်းပိုးပြီး ဘေးလွတ်ရာနေရာတွေကို ပို့ဆောင်ပေးကြတယ်” လို့ ပြောပါတယ်။

မေလ ၁၂ ရက် မနက်ပိုင်းမှာလည်း ရေလယ်ကျွန်းဒေသ သောင်အရှေ့ကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရေစကြို PDF တပ်ရင်း(၂) နဲ့ KNT ပြောက်ကျားတပ်ဖွဲ့တို့  ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မေလ ၁၂ ရက် နဲ့  ၁၃ ရက် နေ့တွေမှာ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ ၁၈ ဖွဲ့ ကပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂၂ ယောက်သေဆုံးခဲ့တယ်လို့ မြင်းခြံ 21- ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ မေလ ၁၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ဖွဲ့ဘက်ကပြောဆိုထားပေမယ့်လည်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် သေဆုံးမှု အခြေအနေကို  ဒီဗွီဘီကသီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မေ ၁၃ ရက်ညနေပိုင်းကလည်း ရေစကြိုမြို့နယ်က ဒေသခံ ၂ ယောက်ကို စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့က PDF ကို ထောက်ပံ့ပေးသူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့ခံတစ်ယောက်က “ရေစကြိုမြို့နယ် မြေဖြူကျေးရွာနားက အောင်မိုးလမ်းခွဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် ၂ ဆိုင်ကို မနေ့က ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီ တပ်တွေဝင်စီးပြီး ဆိုင်ရှင်တွေကို ဖမ်းသွားကြတာ။ PDF ကို ထောက်ပံ့ပေးသူလို့ စွပ်စွဲပြီး "လမင်းဦး"စားသောက်ဆိုင်ပိုင်ရှင် ကိုလမင်းဦးနဲ့ "ဒုံးပျံ"စားသောက်ဆိုင်ပိုင်ရှင် ဦးမောင်ကြည်တို့ကို ဖမ်းဆီးသွားကြတာ” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ကို ရေစကြို မြို့မရဲစခန်းကို ခေါ်သွားကြပြီး မိသားစုဝင်တွေနဲ့လည်း လုံးဝတွေ့ခွင့် မပေးသေးသလို အစားအသောက်နဲ့ အဝတ်အထည်တွေကိုလည်း ပို့ဆောင်ခွင့် မပြုဘူးလို့ ဆိုပါတယ်။

ရေစကြိုမြို့ ဒေသခံက “သူတို့က စားသောက်ဆိုင် လုပ်ငန်းလုပ်တာဆိုတော့ PDF လည်း အဝင်အထွက်ရှိနိုင်သလို သူတို့ စစ်ကောင်စီတပ်သားတွေလည်း ဝင်ထွက်စားသောက်ကြ တာပဲလေ။ ဘာသက်သေ အထောက်ထားမှ ခိုင်ခိုင်လုံလုံ မရှိဘဲ ဖမ်းဆီးသွားတာ။ ပြီးလို့ ရှိရင် စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းကြမှာ”လို့ ပြောပါတယ်။

ပခုက္ကူခရိုင်ထဲမှာ မေလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ စစ်ကောင်စီတပ်သားတွေဟာ ရေစကြို၊ မြိုင်၊ ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်တွေက အပြစ်မဲ့ ပြည်သူ ၃၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013