DVB Logo
Home
မြန်မာသတင်း
သေဆုံးအရပ်သား ၅,၆၀၀ ကျော်တွင် ဒလန် ၃၀၀၀ ကျော်ပါဝင်ဟု ISP Myanmar ထုတ်ပြန်
DVB
·
May 13, 2022
သေဆုံးအရပ်သား ၅,၆၀၀ ကျော်တွင် ဒလန် ၃၀၀၀ ကျော်ပါဝင်ဟု ISP Myanmar ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း ပြီးခဲ့တဲ့ မေ ၁၀ ရက်အထိ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေ စုစုပေါင်း ၅,၆၄၆ ယောက်ထက်မနည်း ရှိခဲ့ပြီး အဲဒီထဲမှာ စစ်ကောင်စီနဲ့ USDP ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေအရ သတင်းပေးဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၃,၁၀၇ ယောက်ပါဝင်ကြောင်း ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သေဆုံးအရပ်သားတွေထဲမှာ ဆန္ဒပြနေချိန်အတွင်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ ယောက်၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူအယောက် ၆၉၀ နဲ့ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်ခံရသူ ၁၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ သွေးသောက်အဖွဲ့နဲ့ စွန်ရဲအဖွဲ့တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ မိသားစုတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ကူညီ ထောက်ပံ့ပေးနေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိလာခဲ့ကာ ဒီအဖွဲ့တွေဟာ မြို့ပေါ်တွေမှာလည်း ထင်ထင်ပေါ်ပေါ်လှုပ်ရှားပြီးတော့ ပစ်မှတ်ထားသူတွေရဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ၊ အလောင်းတွေကို မြို့ပေါ်မှာ မြင်သာထင်သာအောင် ပစ်ထားခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ 

သွေးသောက်အဖွဲ့ နဲ့ စွန်ရဲအဖွဲ့  ပေါ်လာပြီးနောက် ဧပြီ ၂၄ ရက်ကနေ မေ ၁၀ ရက်အတွင်းမှာ သတ်ဖြတ်ခံရသူ အရပ်သားဦးရေ ၁၈ ယောက် ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေထဲမှာတော့ ဆန္ဒပြနေချိန် ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ဦးရေကိန်းဂဏန်းတွေကို နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။ သတင်းပေး ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ခံရသူတွေရဲ့ ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ မေလအတွင်း ဘီဘီစီ  သတင်းဌာနက ဖော်ပြခဲ့တဲ့ USDP ပါတီဥက္ကဋ္ဌနဲ့ အမေးအဖြေမှာ ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေကို အခြေပြုပြီး တွက်ချက်ဖော်ပြထားတာလို့ ဆိုပါတယ်။ 

သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်ခံရသူဦးရေ ကိန်းဂဏန်းကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ ISP-Myanmar က စုစည်းထားတဲ့ အချက်အလက်တွေအပေါ်မှာ အခြေပြုဖော်ပြထားတာလို့ ဆိုပါတယ်။

အာဏာသိမ်းကာလ တနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပေမယ့် စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးနေသူတွေရဲ့ အရေအတွက်ကလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံတဝန်း အရပ်သားသေဆုံးမှုတွေထဲမှာမှ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ယောက်ရဲ့ ဒေသတွေကို ထပ်မံခွဲခြမ်း စိတ်ဖြာကြည့်ရင်  စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ယောက် ထက် မနည်းရှိခဲ့တာကြောင့် အရပ်သားသေဆုံးမှု အများဆုံးရှိခဲ့တဲ့ ဒေသဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၂၈၃ ယောက်၊ မန္တလေးတိုင်းမှာ ၂၈၁ ယောက်၊ မကွေးတိုင်းမှာ ၁၆၁ ယောက်နဲ့ ပဲခူးတိုင်းမှာလည်း ၁၄၃ ယောက်ရှိခဲ့ပြီး အရပ်သား သေဆုံးမှုနှုန်း မြင့်ခဲ့တဲ့ ဒေသတွေ ဖြစ်ပါတယ်။ 

ကယား၊ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ကရင်နဲ့ ရခိုင်ပြည်နယ်၊​ နေပြည်တော်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှာလည်း အရပ်သား သေဆုံးမှု ၁ ယောက်ကနေ ၈၂ ယောက်အထိ ရှိခဲ့တယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013