DVB Logo
Home
မြန်မာသတင်း
BGF နယ်ခြားစောင့်တပ်များ ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှ ပြန်ဆုတ်ခွာ
DVB
·
May 11, 2022
BGF နယ်ခြားစောင့်တပ်များ ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှ ပြန်ဆုတ်ခွာ
Donate to DVB

စစ်ဆင်ရေးတာဝန်ပြီးဆုံးဖြစ်လို့ ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းကနေ နယ်ခြားစောင့် (BGF)တပ်ရင်းအားလုံး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ BGF တပ်နယ်အရာရှိတယောက်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ  ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း ကျူးကျော် ဝင်ရောက်ပြီး  စစ်ရေးလှုပ်ရှားတာတွေ၊ တပ်စခန်းတွေမှာ ပူးပေါင်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်နေရာက မေ ၉ ရက်က ပြန်လည်ဆုတ်ခွာခဲ့တာလို့ ဆိုပါတယ်။

BGF တပ်ရင်းအရာရှိတစ်ဦးက “အခြေအနေကတော့  အဲဒီမှာ(စစ်ဆင်ရေးကာလ)ပြီးသွားပြီလေ။ ကျနော်တို့ အကုန်လုံး တပ်ရင်းတွေမှာ ပြန်လာကြတာ။ ဆုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိုးတွင်းလည်း ကျပြီ။ ပြီးတော့လည်း နောက်ဆုံးပြောရမယ်ဆိုရင် ရဲဘော်တွေကလည်း ပန်းကုန်ပြီပေါ့နော်။ တာဝန်မယူတော့ဘူး။ တာဝန်မရှိတော့ဘူး”လို့ ဆိုပါတယ်။

လတ်တလော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေက္ကိုမြိုင်၊ BGF တပ်နယ်ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်မယ်လို့  သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုတာ မရှိပါဘူး။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်းကို နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ၊ KNDO ၊ PDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အခုလို BGF တပ်တွေ ပြန်ဆုတ်သွားတာဟာ နယ်မြေရှင်းလင်းတဲ့အနေနဲ့ လက်နက်ကြီးပစ်ခတ်ဖို့နဲ့ လေကြောင်းကနေ ဗုံးကြဲဖို့ ဖြစ်နိုင်သလို့ တပ်စခန်းကို ဆုံရပ်ပြန်ထားပြီး ခိုင်မာတဲ့ ခံစစ်ပြန်ဆောက်ဖို့ဖြစ်နိုင်တယ်လို့   ကေအန်ယူတပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“ဆုတ်ခွာတာတော့ သေချာတယ်။ ဆုတ်ခွာရတဲ့ အကြောင်းရင်းကတော့ အချက် ၂ ချက်လောက်တော့ ခန့်မှန်းလို့ရမလားတော့ မသိဘူး။ ပထမတစ်ချက်က အဲဒီနယ်မြေတွေမှာ သူတို့ဆုတ်ပြီးမှပဲ လက်နက်ကြီးနဲ့ ထုမယ်။ ရမ်းပစ်မယ်။ အဲလိုမျိုး နယ်မြေရှင်းမယ်။ ဒါမှမဟုတ်ရင် လေယာဉ်နဲ့ဗုံးကြဲမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်။ ဒုတိယချက်ကျတော့ သူတို့ရဲ့တပ်စခန်းကို တစ်နေရာမှာ ဆုံရပ်ပြန်ထားပြီးတော့မှပဲ ခိုင်မာတဲ့ခံစစ်ကိုပြန်ဆောက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီနှစ်ချက် ဖြစ်နိုင်ပါတယ်”

တပ်မဟာ ၁ နယ်မြေမှာတော့  BGF တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာတာမရှိတဲ့အပြင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်တွေ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

“လောလောဆယ်တော့ တပ်မဟာ ၁ ဘက်မှာ ဘာမှအပြောင်းအလဲမရှိဘူး။ ၁၀၁၄ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်း ဦးဆောင်ပြီးတော့  BGF က အယောက် ၂၀ နဲ့ စကစ အယောက် ၃၀ နဲ့ပေါင်းပြီးတော့ ဒီဝင်းတာပန်ကို ချီတက်လာတယ်။ ပြီးတော့ လေးကေအထိ ချီတက်လာတယ်။ ဒီတပ်မဟာ ၁ ဘက်မှာတော့ ပြန်ဆုတ်ခွာသွားတာတော့ မရှိဘူး။ လက်ရှိအခြေအနေအထိ တိုက်ပွဲဖြစ်နေတုန်းလို့ ပြောချင်တယ်။”

နွေရာသီတုန်းက စစ်ကောင်စီတပ်တွေက ရိက္ခာပို့ပေးဖို့နဲ့ လုံခြုံရေးယူပေးဖို့အတွက်  BGF တပ်တွေကို အကူအညီတောင်းဆိုလာတဲ့အတွက် နယ်ခြားစောင့်တပ်အသီးသီးမှ အင်အား ၁၀၀၀ လောက်စေလွှတ်ခဲ့တာ ဖြစ်ပြီး အခု မိုးရာသီရောက်လာချိန် ရိက္ခာပို့လုပ်ငန်း ပြီးစီးသွားတဲ့အတွက်   BGF တပ်နယ် ၃ မှ မိမိဌာနေသို့ ပြန်ထွက်ခွာတာလို့  ဘီးလင်းမြို့နယ်BGF နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီဘက်က BGF တပ်တွေ လုံခြုံရေး ဆက်လက်တာဝန်ယူပေးဖို့တောင်းဆိုခဲ့ပေမဲ့ BGFတပ်ဖွဲ့ဘက်မှ အခြေနေတစ်ခုအပေါ် လက်မခံဘဲ တပ်နယ် ၃ အဖွဲ့ကတော့ အင်အား ၅၀၀ လောက်နဲ့ ပြန်လည်ထွက်ခွာလာတာလို့ ဆိုပါတယ်။ 

ဘီးလင်းမြို့နဲ့ ဖာပွန်မြို့ ကားလမ်းလုံခြုံရေးအတွက် BGF ကလုံခြုံရေးယူထားသလို  ဘားအံမြို့နဲ့ ဖာပွန်မြို့လမ်းမှာလည်း BGF လုံခြုံရေးယူထားရတဲ့အခါ KNLA  ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲမကြာခဏဖြစ်ပြီး နှစ်ဘက်ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက တပ်စခန်းတွေကို အင်အားဖြည့်တင်းဖို့ ဒေသခံအရပ်သားပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်တာ၊ ပေါ်တာအဖြစ် အတင်းအဓမ္မစေခိုင်းတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဘီးလင်းမြို့နယ်ထဲမှာတင် စစ်ဘေးရှောင်ပြည်သူ ၁၀.၀၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။

ဒါအပြင် မေ ၇ ရက်က စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက  အရပ်သားပြည်သူတွေရဲ့ ကျေးရွာအတွင်းကို  လက်နက်ကြီးရမ်းပစ်ခတ်ခဲ့တဲ့အတွက် ဆယ်ကျော်သက်ကလေး  ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူထိန်းချုပ်ရာနယ်မြေအတွင်း စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇၀,၀၀၀ ကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013