DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အဂတိမှုဖြင့် တိုက်ချက်ဖွင့်
DVB
·
May 10, 2022
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အဂတိမှုဖြင့် တိုက်ချက်ဖွင့်
1 / 3
Donate to DVB

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့  နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှာ မေလ ၁၀ ရက်က တိုင်ကြားချက်ဖွင့်လှစ် တရားစွဲ အရေးယူဖို့ လုပ်နေတယ်လို့ စစ်ကောင်စီဩဇာခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ကြေညာပါတယ်။ 

ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ်မှာ ဒုတိယဥက္ကဋ္ဌတာဝန်နဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေးဌာနနဲ့ စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်တွေအပေါ် လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်မှုအားနည်းခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်နဲ့ သတင်းပေးပို့ခဲ့ပေမဲ့  ကြီးကြပ်နိုင်ခြင်း မရှိဘဲ Open Society Myanmar-OSM ရဲ့ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ဒီငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူတွေက ထုတ်ယူခဲ့တယ်လို့ဆိုပါတယ်။

SMED ဘဏ်မှ OSM က ထုတ်ယူခဲ့တဲ့ မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ တွက်ချက်မှုအရ ဝင်ငွေခွန် တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော် ကောက်ခံနိုင်မှာဖြစ်ပေမဲ့ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့် အခွန်ငွေ မကောက်ခံနိုင်ဘဲ နိုင်ငံတော်၏ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက အကြောင်းပြပါတယ်။

ဗဟိုဘဏ်မှ တာဝန်ရှိသူတွေက  ချေးငွေရရှိတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို အတိုးနှုန်းပိုရတဲ့ ဘဏ်မှာ အပ်နှံဖို့ ဦးဘိုဘိုငယ်ထံ တင်ပြခဲ့ပေမဲ့ သူ့တယောက်တည်း ဆုံးဖြတ်ချက်နဲ့ စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ်နှစ်ခုရဲ့ အတိုးနှုန်းနှိုင်းယှဉ်ချက်အရ  နိုင်ငံတော်အနေနဲ့ အမေရိကန်ဒေါ်လာ ၀ ဒသ ၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ စစ်ကောင်စီကော်မရှင်ကဆိုပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူဘက်က  ပြန်လည်ချေပ ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးသလို တရားဥပဒေကြောင်းအရလည်း တမျှတမှုရအောင် ဆောင်ရွက်ခွင့် မရရှိပါဘူး။

စစ်တပ်ဟာ  နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူပြီးနောက် နိုင်ငံခေါင်းဆောင်တွေ အပါအဝင်  အန်အယ်လ်ဒီအစိုးရ ဝန်ကြီးတွေ တာဝန်ရှိသူတွေကို မတရားဖမ်းဆီး ထောင်ချ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲနေတာဖြစ်ပေမဲ့ သက်သေအထောက်အထားတွေကတော့ အခုအချိန်အထိ တခုမှပြသနိုင်တာ မရှိသေးပါဘူး။ 

Photo Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013